ဆရာဟု ဆိုလိုက်သည်နှင့် ကျွန်ုပ်တို့ မြန်မာ့ယဉ်ကျေးမှုတွင် အကြည်ညိုခံပုဂ္ဂိုလ်များဖြစ်သည်။ အပူဇော်ခံပုဂ္ဂိုလ်များဖြစ်သည်။ အသိပညာ အတတ်ပညာများကို သင်ပေးတတ်ရုံလောက်နဲ့ (တစ်နည်း ဘာသာရပ်တစ်ခုခုတွင် ကျွမ်းကျင်စွာ သင်ပေးတတ်ရုံနဲ့) ဆရာခေါ်ဖို့ ခက်ပါသည်။ စဉ်းစားဆင်ခြင်တတ်အောင် ဝေဖန်ပိုင်းခြားတတ်အောင် ကိုယ့်တိုင် လေ့လာသင်ယူနိုင်လောက်အောင် ဘက်စုံ နှံ့စပ်သိမြင်တတ်သူ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးတတ်မှ ဆရာ မည်သင့်သည်။ (လောကုတ် အလိုအရ နိဗ္ဗာန်ကို လမ်းညွှန်ပေးတတ်သူ မည်သင့်သည်)

ပဲ့ပြင်ဆုံးမဆိုသည်ကတော့ လမ်းမှားမရောက်အောင် ထိန်းကျောင်းပေးခြင်းဖြစ်သည်။ အထူးသဖြင့် ကိုဘ်ကျင့်တရားနှင့် ပိုဆိုင်သည်။ ဤသည်မှာလည်း အကြမ်းမဖက်သောနည်းဖြင့် ချစ်သောစိတ်ဖြင့် ထိန်းကျောင်းပေးတတ်ရမည်။ ပေးနိုင်ရမည်။ ဆုံးမလိုက်ပြီဆိုလျင်ဖြင့်ပင် အကြမ်းဖက်နည်းများက ပါလာပြီ။ အကြမ်းဖက်နည်းဖြင့် ဆုံးမမှသာလျင် မှတ်မည်ဟု ယူဆနေသည့် မြန်မာ့ယဉ်ကျေးမှုကလည်း အရှိန်အဟုန်ဖြင့် မိဘသားသမီးကြား ဆရာတပည့်ကြား မပြုတ်ပြုန်းသော အမြစ်နှင့်ပင် တွယ်နေသည်။

ဘေးရန်ဆီးကာ ဆိုသည်ကတော့ အန္တရာယ်ရောက်နေလျင် ကူညီရမည်။ စောင့်ရှောက်ရမည်။ ပြဿနာကြုံနေသည့် ကလေးများကို စနစ်တကျ ကူမရမည်။ ကလေး ဘာကြောင့် စာမလုပ်သနည်း။ ဘာက သူ့အား ဖိအားပေးနေသနည်း။ အဘယ်ကြောင့် ဆိုသွမ်းညစ်ထေးသော အမူအရာများ ပြုလုပ်နေသနည်း။ ကလေးတွင် ဆုံးရွားသည့် အတွေ့အကြုံတစ်ခုခု စိတ်ဒဏ်ရာတစ်ခုခု ရှိနေပြီလား။ ထိုအခါ ဆရာ/ဆရာမက Trauma Healing တို့ Psycho social support တို့ မလုပ်ပေးနိုင်ခဲ့လျင်တောင်မှ ချိတ်ဆက်ပေးနိုင်ရမည်။ နောင်တွင် ထိုကဲ့သို့ လုပ်နိုင်သောသူများကို ကျောင်းတွင် သီးသန့်ခန့်ထားသင့်သည်။ ထိုမှ ဘေးရန်ဆီးပေးသလို ကာပေးသလိုဖြစ်လိမ့်မည်။

သင့်ရာအပ်ဖို့ ဆိုသည့်အချက်တွင် ပိုအရေးကြီးသည်။ ဆရာများ မိဘများသည် ကလေးများကို သူတို့၏ ဆုံးဖြတ်ချက်ကသာလျင် သည်ကလေးအတွက် သင့်တော်သည်။ ကလေးတွေ မဆုံးဖြတ်နိုင်။ ကလေးတွေသည် အသိပညာသိပ်မပြည့်စုံသေးဆိုကာ ကလေးကိုမကြာခဏ သြဝါဒပေးကာ ဆုံးမ၍ ရည်ရွယ်ချက်များ ပျောက်အောင်ပင် ပြောတတ်သည်။ ကလေးဝါသနာ ကလေးထူးချွန်မှုကို မကြည့်။ အမှန်မှာ ကိုယ်တိုင် စဉ်းစားနိုင်စွမ်း ရွေးချယ်နိုင်စွမ်း ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိအောင်သာ ပံ့ပိုးပေးသင့်သည်။ ဤအတွက် ဆရာများသည် Coaching Skill နှင့် Mentoring Skill များပိုင်ဆိုင်ထားသင့်သည်။ ဆရာ ဆရာမများအားလုံး မတတ်နိုင်ပါက ဤစွမ်းရည်ရှိသူများအား ခန့်ထားသင့်သည်။ ဆရာသည် မိမိ၏ ပယောဂ ကင်းကင်းဖြင့် တပည့်များကို လမ်းညွှန်ပေးနိုင်လျင် အကောင်းဆုံးဖြစ်ပါသည်။

ယနေ့ထက်တိုင် မြန်မာ့စာသင်ကျောင်း၏ စာသင်ခန်းများထဲတွင် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ အခွင့်အရေးချိုးဖောက်မှု၊ ကိုယ်ခန္ဓာကို အကြောင်းပြု၍လည်းကောင်း လိင်ပိုင်းဆိုင်ရာဖြင့် လည်းကောင်း အရှက်ရအောင် စော်ကားမှုစသည့် အပြုအမူများကြောင့် ကျောင်းနေမပျော် စာမတော်ဘဲ ကျောင်းဆိုတာကြီးကို အမုန်းကြီးမုန်းနေတာများရှိလာသည်။

သင်ကြားနည်းတွင်လည်း Critical Thinking နှင့် Analytical Thinking ကိုအားကောင်းအောင် ပံ့ပိုးနေခြင်း မရှိ။ Active Learner ဖြစ်အောင် လုပ်မပေးနိုင်။ ထို့ထက် အကြမ်းဖက်စေနိုင်သည့် သွေးထိုးလှုံ့ဆော်မှုကိုသာ မကြာခဏ သင်ကြားခံရသေးသည်။ ထိုတွင် မိဘများကလည်း လမ်းမှန်ကိုမမြင်နိုင်ကြတော့ဘဲ ပတ်ဝန်းကျင် ရိုက်ခတ်မှုနောက်ကိုသာ လိုက်ရင်း ကျောင်းသားအား ကိုင်တွယ်ပုံမှားလာကြသည်။

နှစ်ပေါင်းများစွာ ခြိုးခြံခြွေတာခဲ့သည့် ပညာရေးအခင်းအကျင်းတွင် ယခုအခါ ဆရာ ဆရာမများအား ဝန်ထမ်းအိမ်ယာပေးတာမျိုး သင့်တင့်သော ထောက်ပံ့မှုပေးတာမျိုး လုပ်ပေးသင့်သည်။ သင့်တော်သော အခွင့်အလမ်းများ လူးသာ လှုပ်သာ အခြေအနေများပေးထားမှ ဆရာ ဆရာမများကလည်း သင်ကြားမှုတွင် အားထုတ်ကြမည်။ ဆရာ ဆရာမသည် သင်္ချာ အင်္ဂလိပ် စသည့် ဘာသာရပ် ကျွမ်းကျင်နေရုံနှင့် မရ။ ရင့်ကျက်မှု မြင့်မြတ်မှု သဘောထားကြီးမှု ယဉ်ကျေးသော အမူအကျင့်များရှိမှ ကျောင်းသား /သူများကို ခေါင်းဆောင်ကောင်းများ ဖြစ်လာဖို့ ကျွမ်းကျင်စွာ ပံ့ပိုးပေးနိုင်လိမ့်မည်။

 

Source: Sir Bo Bo Lwin Facebook