ကျွန်တော်တို့မျိုးဆက်သစ်လူငယ်များအတွက် ရည်ရွယ်ချက်ဆိုတဲ့ အဓိပ္ပါယ် တဖြည်းဖြည်းပြောင်းလဲ လာပါတယ်။ အရင်က မိဘတွေ အဘိုးအဘွားတွေခေတ်က ရည်ရွယ်ချက်ဆိုတာ  ကျောင်းကောင်းကောင်းတက်မယ်၊ အလုပ်ကောင်းကောင်းရှိမယ်၊ မိသားစုကိုကောင်းကောင်းပြုစု ပျိုးထောင်နိုင်မယ် ဆိုပြီးဖြစ်ခဲ့တယ်။ အခုခေတ်မှာတော့ ရည်ရွယ်ချက်ဆိုတာ ကိုယ်တယောက်တည်းအတွက်မဟုတ်တော့၊ သူများတွေပါ ပါဝင်ခံစားနိုင်တဲ့ လုပ်ချင်စိတ်ပြင်းပြတဲ့ အလုပ်မျိုးကို လုပ်ခြင်းဖြစ်တယ်။ မိမိထက်ကြီးမားတဲ့ ရည်ရွယ်ချက်တခုကို ချမှတ်ပြီး လူအများစုပါဝင်လာနိုင်မယ့် ကိစ္စရပ်တွေဖြစ်တယ်။ ကနေဒီ သမ္မတဖြစ်စဉ်က လကမ္ဘာကိုသွားဖို့ NASA မှာ လေ့ကျင့်မှုပြင်ဆင်မှုတွေလုပ်တယ်။ အဲဒီမှာ သန့်ရှင်းရေးလုပ်နေတဲ့သူကို ဘာတွေလုပ်နေလဲလို့ သမ္မတကမေးတော့ သူက ပြန်ဖြေတယ်။ လကမ္ဘာသွားဖို့ တစိတ်တပိုင်းအနေနဲ့ လုပ်ပေးနေပါတယ်လို့ ဖြေတယ်။

မျိုးဆက်တိုင်းမှာ သူတို့တွေဖြေရှင်းခဲ့ရတဲ့ စိန်ခေါ်မှုတွေ ကိုယ်စီရှိခဲ့တယ်။ အရင် မျိုးဆက်တွေမှာ  ပိုလီယိုရောဂါတိုက်ဖျက်ရေးအတွက် သန်းပေါင်းများစွာသောလူတွေ ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ AIDS ရောဂါခုခံရေးအတွက် အတူတကွ ကြိုးပမ်းခဲ့ကြတယ်။ လူတိုင်းမှာ တူညီသော အခွင့်အရေးရဖို့ ဆောင်ရွက်ခဲ့ကြတယ်။ အခုကျွန်တော်တို့မျိုးဆက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမှုပပျောက်ရေး၊ ရောဂါများကြိုတင်ကာကွယ်နိုင်ရေး စတဲ့ စိန်ခေါ်မှုတွေ အတူတကွ ဖြေရှင်းလို့ရတယ်။

နောက်တခုက အိုင်ဒီယာတွေစတင်အသက်ဝင်လာပုံကို ပြောတယ်။ လူတွေအထင်မှားနေတာက   အလုပ်တခုလုပ်ရင် ကိုယ်ဘာလုပ်မလဲဆိုတာ လုံးဝအစီအစဉ်တွေချပြီးသား၊ အိုင်ဒီယာကောင်းတွေရှိပြီးသားလို့ထင်ကြတယ်။ အကုန်လုံးက တခါတည်းနဲ့ ပြီးပြည့်စုံတဲ့ အိုင်ဒီယာတွေ ထွက်တယ်လို့ ယုံကြည်ကြတယ်။ တကယ်တမ်းကျတော့ ဘယ်သူမှ သူ့ရဲ့အိုင်ဒီယာက အစကတည်းက ပြီးပြည့်စုံတယ်လို့ ခံစားခဲ့ရတာမရှိဘူး။ အကောင်အထည်ဖော်ရင်းနဲ့ သင်ယူမှုတွေ အတွေ့အကြုံတွေကနေတဆင့် ပိုပိုပြီးကောင်းမွန်တဲ့ ပြည့်စုံတဲ့ အလုပ်တွေကို လုပ်ဖြစ်သွားတာပဲ ဖြစ်တယ်။

အဲဒါကြောင့် ဘာက အရေးကြီးသလဲဆိုရင် အကြံဉာဏ်တွေ အကောင်အထည်ဖော်ဖို့အရေးကြီးတယ်။ အစကတည်းက ကောင်းနေစရာမလို။ လုပ်ရင်းနဲ့ ပြင်သွားလို့ရတယ်။ တခါတခါမှာ ကိုယ့်အိုင်ဒီယာလိုမျိုး သူများလည်းတွေးကြမှာပဲ။ ကိုယ်မလုပ်ရင် သူများလုပ်မှာပဲဆိုပြီးတွေးကြတယ်။ ဒါပေမယ့် မဟုတ်ဘူး။ သူများတွေမလုပ်ကြဘူး။ လုပ်တဲ့သူက ကိုယ်ပဲဖြစ်မယ်။

Mark Zuckerberg စပြီး facebook ကို လုပ်တုန်းကလည်း ဒီအိုင်ဒီယာက အရမ်းကို ရိုးလွန်းလို့ ကုမ္ပဏီကြီးတွေ လုပ်မယ်ထင်ခဲ့တယ်။ ဒါ ပေမယ့် မဟုတ်ဘူး။ သူကိုယ်တိုင်ပဲ စပြီး လုပ်ခဲ့ရတာဖြစ်တယ်။ လုပ်နေစဉ်   အကောင်အထည် ဖော်နေစဉ်မှာလည်း ဘေးကလူတွေ အမျိုးမျိုးပြောတာခံရမယ်။ ချီးမွမ်းတာ ကဲ့ရဲ့တာ အလိုမကျတာ ဝေဖန်တာ စသဖြင့်။ သို့သော် မိမိ၏ ရည်ရွယ်ချက်သည် မိမိထက်ကြီးမားပြီး ကိုယ်တိုင်ယုံကြည်ရင် ရှေ့ဆက် ကြံ့ကြံ့ခံ သွားလို့ရတယ်။

နောက်ဆုံးမိန့်ခွန်းအဆုံးမှာ မိမိကိုယ်၌က တရားမဝင်နေထိုင်သူဖြစ်နေပြီး ကျောင်းတက်လို့ရပါ့မလားဆိုပြီး အနာဂတ်မသေချာနေသူတောင် သူများတွေအတွက် ကူညီပေးလိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့   ရှင်သန်နေသူရှိတယ်။ ကျန်တဲ့သူတွေ ဘာလို့ ရည်ရွယ်ချက်ကြီးကြီးမားမားထားပြီး မျှဝေမပေးနိုင်ရမှာလဲ။

 

Credit Sayer Wai Yan Paing ရေးသားတင်ပြသည်။

MBA Knowledge Network