ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းပံ့ပိုးနည်းကို ရေးလာတာ ခုဆို အမှတ်စဉ် (၄) ကိုရောက်လာပါပြီ။ ဒါပေမယ့် အခု ရေးမှာကလည်း ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၂) မှာပါခဲ့တဲ့ SPOT ဆိုတဲ့ နည်းထဲက P ဆိုတဲ့ Process ကိုပဲ ထပ်ပြောသွားပါ့မယ်။ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၃) မှာပြောခဲ့တဲ့ Process ကတော့ Participant Process ဖြစ်ပါတယ်။ အခုပြောမယ့် Process က Transition Process ဖြစ်ပါတယ်။ တချို့ကတော့ သည်ဖြစ်စဉ်ကို နာမည်လှလှလေး ပေးထားတယ်။ ပြောင်းလဲခြင်းပုံပြင် တဲ့။

ပြောင်းလဲခြင်းတစ်ခုဖြစ်လာဖို့ သင်တန်းသားတွေအနေနဲ့ သို့တည်းမဟုတ် သင်တန်းတစ်ခုအနေနဲ့ အဆင့်တွေရှိတယ်။ ဒီအဆင့်မှာက နည်းနည်းရှုပ်ထွေးပါတယ်။ သင်တန်းပံ့ပိုးသူတွေအနေနဲ့ သည်ဖြစ်စဉ်တွေကို နားလည်ထားရပါမယ်။

သင်တန်းသား တစ်ဦးဟာ သင်တန်းကို ရောက်လာတာနဲ့ ပထမဆုံးဝင်တာက စိုးရိမ်မှုပါပဲ။ ငါ့ခမျာ ဘာမှ မသိဘူး။ ငါ ဘာများသိလာနိုင်မလဲ ငါသိလာမယ့် အရာတွေ ရှိနိုင်ပါ့မလား ဆိုပြီး စိုးရိမ်တာပါပဲ။ စိတ်ကလေး စနိုးစနောင့်နဲ့ သင်တန်းလာတက်တဲ့ သင်တန်းသားတွေကို ပထမဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီသင်တန်းသားဟာ သင်တန်းတက်ပြီးတာနဲ့ သိပ်မကြာမတင်မှာပဲ ပျော်ရွှင်မှုရသွားပါတော့တယ်။ တစ်ခုခု ပြောင်းလဲသွားပြီလို့လဲ သူ့ကိုယ်သူ ထင်ပါတယ်။ သင်တန်းအရသာကို စပြီးသိသွားတဲ့ အနေအထားမှာပါ။ ပြောင်းလဲတယ်။ ဘာပြောင်းလဲတာလဲလို့ ပြန်မေးမိတဲ့အချိန်မျိုး။

အဲဒီကနေ တစ်ဆင့် သင်တန်းရက်ကလေး သို့မဟုတ် သင်တန်းချိန်ကလေး ရလာတာနဲ့အမျ စိုရိမ်မှုက ပုံစံတမျိုးပြောင်းလာပါတယ်။ ဒီသင်တန်းက ငါ့အတွက် ဘာအကျိုးရှိမှာလဲ။ ငါ့အတွက် ကောင်းနိုင်လို့လား။ ဒီလိုသင်တာတွေက ထူးလို့လားဆိုပြီးတော့ စတွေးလာပါတော့တယ်။

အဲလို စိုးရိမ်နေရာကနေ ပိုဆိုးသွားတဲ့အခြေအနေကို အခိုက်အတန့်တစ်ခု သို့မဟုတ် ရက်တစ်ရက် သို့မဟုတ် အချိန်အတိုင်းအတာ တစ်ခုအထိ ရတတ်တာ တစ်ခုကတော့ မိမိကိုယ်ကို ပြန်မေးတဲ့ မေးခွန်းတွေနဲ့ ပြည့်သွားတဲ့အချိန်ပဲ။ ဒီအချက်အလက်တွေက ငါ့အတွက် ကြီးလွန်းတယ်။ ငါနဲ့သိပ်မဆိုင်ဘူးထင်တယ်လို့ အခြိမ်းခြောက်ခံရတဲ့အချိန်မျိုးလည်း ဖြစ်တတ်တယ်။

နောက်တစ်ဆင့်အနေနဲ့ အောက်ဆုံးထိ ထိုးကျတဲ့အဆင့်ပဲ။ ငါတော်တော်ညံ့ခဲ့တာပဲ။ ဒါတွေကို ငါမိခဲ့ဘူး။ ကြည့်စမ်း။ ငါ လက်လှမ်းမမီခဲ့ဘူး။ ငါစာတွေ မဖတ်ခဲ့ဘူး။ ငါဘာတွေ လုပ်နေခဲ့မိတာပါလိမ့်လို့ သင်တန်းသားတွေ တွေးမိတဲ့အချိန် ဖြစ်လာနိုင်တယ်။ နိုင်ငံခြား ဇာတ်ကားထဲက စကားကို ထည့်ပြောရရင် အခုမှ ဇာတ်လမ်းစတယ်လို့ ပြောရပေမပေါ့။

ဒီနေရာကနေ အမှန်အတိုင်း မြင်သွားတဲ့သူ ပေါ်လာနိုင်တယ်။ ဘယ်လိုလဲဆိုတော့ ဒီလိုသင်တန်းမျိုးတွေဟာ ငါနဲ့ လုံးလုံးလျားလျား မသက်ဆိုင်ဘူး။ ဒါတွေဟာ ငါ့အတွက် မဟုတ်ဘူး။ ငါလုပ်နေတဲ့အလုပ်နဲ့ ငါသွားနေတဲ့လမ်းနဲ့ ငါရည်ရွယ်ချက်နဲ့ မဆိုင်ဘူးဆိုပြီးတွေးမယ်။ ပြီးတော့ သင်တန်းကနေ ထွက်သွားမယ်။ ပြန်သွားမယ်။ ဒီအခါ သင်တန်းဆရာအနေနဲ့ စိတ်ဓာတ်မကျဖို့လိုတယ်။ သူ့လမ်း သူသိလို့ ပြန်သွားတာပဲ။

နောက်တစ်မျိုးပေါ်လာနိုင်တာကတော့ ဖိအားတွေ အရမ်းများတဲ့ သင်တန်းသား ပေါ်လာတာ။ စိတ်ဓာတ်ဆက်ကျသွားတာ။ ဘာမှ မထူးဘူးပဲ။ ငါ့ဘဝတော့ သွားပြီ။ အပြစ်တင်စကားတွေ ပြောတတ်လာမယ်။ ပြီးတော့ အဆိုးမြင်သမားဖြစ်သွားမယ်။ ဖြစ်သွားနိုင်တဲ့အနေအထားနည်းပေမယ့် ဖြစ်တတ်တယ်။ ဒီလို စိတ်ဓာတ်ကျသွားတဲ့ သင်တန်းသားမျိုးပါမပါ ကိုယ့်သင်တန်းထဲကို အမြဲ စောင့်ကြည့်တတ်ရမယ်။

နောက်ဆုံး အောက်ဆုံးထိုးကျတဲ့အဆင့် သို့မဟုတ် ပွင့်သွားတဲ့အဆင့်ကနေ ဘယ်လိုလူတွေ ပေါ်လာနိုင်သေးလဲဆိုတော့ တဖြည်းဖြည်းလက်ခံလာတဲ့ သင်တန်းသား။ ဟုတ်ပြီ။ ငါသိပြီ။ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ပြီ ဆိုတဲ့ သင်တန်းသားမျိုး ပေါ်လာမယ်။ ဒီသင်တန်းသားမျိုး အများစု ပေါ်လာမှာ ဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေကျလည်း ဖြစ်ပါတယ်။ သူကတော့ ရှေ့ဆက် ကောင်းကောင်းမွန်မွန် လုပ်သွားမယ့် သင်တန်းသားမျိုးပါပဲ။ နည်းလမ်းကောင်းတွေလည်း ဆက်ရှာပါလိမ့်မယ်။

ဒါကတော့ သင်တန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြောင်းလဲခြင်း ဖြစ်စဉ်ပါပဲ။ J M Fisher ဆိုတဲ့လူပြောပြတာကို နားလည်သလို ပြန်ပြောတာပါ။ အမှားအယွင်းလည်း ရှိနိုင်ပါတယ်။ www.businessballs.com မှာ ဝင်ရှာဖတ်ကြည့်ပါ။ သူပြောတာ ပိုစုံပါတယ်။

ကြုံလာနိုင်သလို ကြုံချင်မှလည်း ကြုံမှာပါ။ ဘာပဲဖြစ်ဖြစ် သင်တန်းတွေ ဆက်ပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။