Community Organizing ဆိုတာ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု မဟုတ်ပါဘူး။

သင်ဟာ Community Organizer ဖြစ်ချင်ပါသလား။ အစောကြီးကတည်းက ပြောထားချင်တာကတော့ community Organizer ဆိုတဲ့အလုပ်ဟာသင့်ကို သူရဲကောင်း တစ်ယောက်လို နာမည်ကြီးစေမဲ့ အလုပ်မျိုး မဟုတ်ဘူးဆိုတာပါဘဲ။ တကယ်တမ်းပြောရမယ်ဆိုရင် community organizing အလုပ်ဆိုတာဟာ community organizer တစ်ယောက် သူရဲကောင်းဖြစ်ဖို့ ဆိုတာထက် လူထုကိုယ်တိုင််သူရဲကောင်းတွေဖြစ်လာအောင် လုပ်ပေးနိုင်မှသာ အောင်မြင်တယ်လို့ဆိုနိုင်မှာပါ။

Community organizing ဆိုတဲ့အလုပ်ဟာ တစ်နေ့ကို (၈) နာရီ အပြည့်အလုပ်လုပ်ရပြီး ကိုယ့်အထက်လူကြီးက ကိုယ့်ကို အလုပ်ထုတ်ပစ်မှာ စိုးရိမ်ပူပန်နေရတဲ့အလုပ်မျိုးလည်း မဟုတ်ပါဘူး။ တခြားဝါသနာအလုပ်တွေလို စိတ်ကူးတစ်ခုထဲကနေ နောက်တစ်ခုပြောင်းလို့ရတဲ့ ဟာမျိုးမဟုတ်သလို ကိုယ်ပိုင်အလုပ်တစ်ခုလို ကိုယ်တစ်ယောက်ထဲလုပ်လို့လဲ မဖြစ်ပြန်ပါဘူး။

Community organizer CO တစ်ယောက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သင့်ကို ၀ိုင်းဝန်းဝေဖန်မှုတွေ ကြုံရမှာပါ။ အဆိုးဆုံးကတော့ သင့်ရဲ့မိသားစုကပြောဆိုဝေဖန်တာ ဖြစ်ပါလိမ့်မယ်။ (CO) တစ်ယောက်ဖြစ်လာတာနဲ့ နောက်ပိုင်း သင်ဟာ သင့်ရဲ့ မိသားစု တာဝန်အပေါ် တာဝန်ရှိမှုတွေနှင့် သင့်ရပ်ရွာပတ်ဝန်းကျင်အတွင်းမှာ လူမှုဘဝပြုပြင်ပြောင်းလဲရေးဖြစ်စေဖို့ တာဝန်ရှိမှု နှစ်ခုကြားမှာ ဟန်ချက်ညီညီ ထိန်းညှိဖို့ အဆက်မပြတ်ကြိုးပမ်းနေရပါတော့မယ်။

သင့်ကို ရပ်ရွာပတ်ဝန်းကျင်အတွက်တကယ်ကို ထူးခြားအံ့သြဘွယ်ရာတွေကို ဆောင်ရွက်ပေးနိုင်တဲ့ လူတစ်ယောက်လို့ မျှော်လင့်ခံရကောင်း မျှော်လင့်ခံရနိုင်ပါတယ်။ ဒါကလဲ သင့်ကိုယ်သင် ဘယ်လိုမြင်လဲ၊ ကိုယ့်ရဲ့အခန်းကဏ္ဍနဲ့ ရပ်ရွာပတ်ဝန်းကျင် အခန်းကဏ္ဍကို ကိုယ်ဘယ်လောက်နားလည်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ကိုယ့်အပေါ် အာဏာပိုင်တွေနဲ့ အခြားလူတွေ- ဥပမာ – လူထုအသိနိုးကြားပြီး ဆန့်ကျင်လာတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ချင်တိုင်းလုပ်လို့မရတော့တဲ့အတွက် စီးပွားရေးသမားတွေက နှောင့်ယှက်တာတို့ ပစ်မှတ်ထားရန်မူတာမျိုးလဲ ကြုံရနိုင်ပါတယ်။ ဒါမျိုးတွေကို ကိုယ်က ဘယ်လိုနည်းမျိုး ကို သုံးပြီးကျော်လွှားမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တခါတရံ ဒီလိုမျိုးအနှောင့်အယှက်ပြုခြိမ်းခြောက်မှုတွေကို ဘယ်လိုမှ ရှောင်ကွင်းမရနိုင်တဲ့အခါမျိုးမှာတော့ (CO) တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ တွေးထားရပါ တော့မယ်။

ဒီလောက်ပြောပြထားပြီးတဲ့အထိ (CO) လုပ်ဖို့ စိတ်အား ဆက်ပြီးတော့ ပြင်းထန်နေသေးတယ်ဆိုမှ ဆက်ပြီးဖတ်ပါ။ ဒါမှ မဟုတ်ရင်တော့ ဒီစာအုပ်လေးကိုချပြီး ကိုယ့်ကိုကိုယ် နံမည်ကြီး လူသိများကျော်ကြားစေမဲ့ အခြားနည်းလမ်းတွေကိုသာ ရှာဖွေပါတော့။

 

ဆင်းရဲသူများဖက်က ရပ်တည်ခြင်း

အမှန်တော့ (Community Organizing –CO) ဆိုတာဟာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့လူမှုဘဝ အသိုင်းအဝိုင်းအတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာသုံးသပ်မှုအပေါ်အခြေခံပြီးတော့ လုပ်ဆောင်ခဲ့ရတဲ့ သင့်လျော်သော လုပ်ဆောင်မှု (Action) တွေရဲ့ အကျိုးဆက်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ မတရားဖိနှိပ်တဲ့ အပြုအမူတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ကတော့ ဒီလိုဖြစ်နေပြီး ပြီးဆုံးသွားတာကို ထိုင်ကြည့် နေတတ်ပါတယ်။ တစ်ချို့ကတော့ ဒီလိုဖြစ်နေတဲ့အပေါ် ဝေဖန်ယုံသက်သက်သာ လုပ်ဆောင်ပြီး သူတို့နဲ့ သူတို့ရဲ့မိသားစုအပေါ် အန္တရာယ်ကျလာမှာစိုးတဲ့အတွက် ဘာမှတော့ ၀င်လုပ်လေ့မရှိပါဘူး။ တချို့ကတော့ ၀င်တော့လုပ်ပါရဲ့ ဒါပေမဲ့ နည်းနည်းလောက်ဘဲ ၀င်လုပ်တတ် တာမျိုးလဲ ရှိပြန်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီလူမျိုးက ဖြစ်နေတဲ့ ပြဿနာအပေါ် တစ်စုံတစ်ရာတော့ ၀င်ရောက်လုပ်ဆောင်ပေးသေးတယ်လို့ ဆိုရမှာပေါ့။

Organizer ဆိုတာဟာ ဆင်းရဲနွမ်းပါးသူတွေအတွက်အလုပ်လုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ထားတဲ့ သူမျိုးကို ဆိုလိုပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက်လုပ်မယ်ဆိုတဲ့နေရာမှာ သူတို့နဲ့လုပ်မယ်ဆိုတဲ့ ပုံစံနဲ့ သူတို့ကိုဆန့်ကျင်လုပ်မယ်ဆိုတဲ့ပုံစံဆိုပြီး နှစ်မျိုးရှိနို်င်ပါတယ်။ ဒါကြောင့် (CO) လုပ်တယ်ဆိုတာ နှစ်ဖက်ကြားလုပ်တဲ့အလုပ်မျိုး မဟုတ်ပါဘူး။ (CO) လုပ်တဲ့နေရာမှာ သေချာတဲ့ မူဝါဒတွေ၊ ယုံကြည်ချက်တွေနဲ့ လူမှုအသိုင်းအဝိုင်းအပေါ် နားလည်မှုတွေကိုဆုတ်ကိုင်ပြီး လူ့အသိုင်းအဝိုင်း အတွင်းမှာ ရှိတဲ့ လူတိုင်းအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ လူ့အခွင့် အရေးတွေ ထွန်းကားလာအောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုယုံကြည် ချက်ရှိတဲ့သူတွေအနေနဲ့ သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့ လူသားတွေအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ ချျမှတ်ထားတဲ့ သူတို့ရဲ့ အစီအစဉ်တွေဟာ မှားယွင်းတယ်လို့ ထင်စရာမလိုပါဘူး။

Community Organizing လုပ်ငန်းဆိုတာဟာ တိကျတဲ့လူအုပ်စုတစ်စုရဲ့ အခြေအနေတစ်ခုကို ပိုမိုကောင်းမွန် ပြောင်းလဲသွားဖို့အတွက် ကြိုတင်လုပ်ဆောင်တဲ့ တုန့်ပြန်မှုတစ်ခု (proactive response) သာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ထဲမှာ အင်အားအမျိုးမျိုး၊ အကြောင်းအရာအဖုံဖုံ ပါ၀င်သလို Organizer တစ်ယောက်အနေနဲ့လဲ ဒီအင်အားတွေနဲ့ အကြောင်းအရာတွေ အကြားဆက်သွယ်နေမှုကို မြင်အောင်ကြည့်တတ်ပြီးနားလည်တတ်ဖို့လဲ လိုအပ်ပါတယ်။ CO တစ်ယောက်အနေနဲ့ ဒီလိုတစ်ဆင့်ပြီးတဆင့်း ဖြစ်ပျက်နေတဲ့အခြေအနေတစ်ခုထဲမှာ ပြည်သူ လူထုတွေပါ၀င်လာအောင် ဆော်သြ စည်းရုံး ပေးနိုင်ဖို့လိုအပ်သလို ပိတ်ကားပေါ်မှာ ရုပ်ရှင်ပြသလို သူတို့ဖာသာသူတို့ ကိုယ်တိုင်ကိုယ်ကျ ဆက်လက်သရုပ်ဆောင် လှုပ်ရှားသွားနိုင်အောင်လဲ ခွင့်ပြုရပါမယ်။ နောက်ထပ်ဆက်သွယ်မှုအသစ် တစ်မျိုးနဲ့ လူမှုပတ်ဝန်းကျင်သစ်တစ်ခု အသစ် ပေါ်ပေါက်မွေးဖွားလာတဲ့အထိ CO တွေနဲ့ ပြည်သူတွေဟာ လက်တွဲပူးပေါင်းပြီး အကျိုးရှိအောင် ဒီလုပ်ငန်းစဉ်ကို အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ဒီလိုအချိန်ကာလကို ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကာလ (transformation process) လို့ ခေါ်ဆိုလေ့ရှိပြီး လူမှုပုံစံသစ်တစ်ခုနဲ့ အခြေအနေတစ်ခု အသစ်တစ်ခု တဆင့်ပြီးတဆင့်ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ ကာလလို့လဲ ဆိုနိုင်ပါတယ်။

 

တာဝန်ရှိမှုကို လွဲပြောင်းပေးခြင်း (Transferring the responsibility)

ဟိုးအစကတည်းက CO တစ်ယောက်ဟာ ကိုယ့်တစ်ယောက်တည်းသာ လုပ်နိုင်တယ် ဆိုတဲ့ အတ္တကို ခဝါချထားဖို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထုကိုယ်တိုင် သူတို့ဘာသာသူတို့စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင် လာနိုင်ပြီး CO ကနေပြီး ကမကထ လုပ်စရာမလိုတော့မှ ဒီ CO တယောက်ရဲ့ လုပ်ငန်းအောင်မြင်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဆိုတဲ့အတွက် လူထုရဲ့ ရပ်ရွာအဝိုင်းအဝန်းထဲက ဒေသခံ CO ကို ဒါမှမဟုတ် လူထုရဲ့ရပ်ရွာပတ်ဝန်းကျင်ကနေ လုပ်ပေးနေတဲ့ တစ်နယ်သား CO ကို လုပ်ငန်းစဉ်ထဲက အပြီးအပိုင် ထုပ်ပစ်လိုက်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ဆိုလိုတာကတော့ တကယ်လို့လူထုကိုယ်တိုင်က  သူတို့ကိုယ်တိုင် စည်းရုံးလှုပ်ရှားနိုင်တဲ့ အခြေအနေ၊ အနေအထား တစ်ခုခု အဆင့်ကိုရောင်ပြီဆိုရင် ဒီလိုအဆင့်ရောက်လာဖို့ ဟိုးအစကတည်းက ကမကထလုပ်စည်းရုံးလှုံ့ဆော်လာတဲ့ CO အနေနဲ့ သူလုပ်နိုင်မဲ့ အခြားလုပ်ငန်းနဲ့ အခန်းကဏ္ဍတွေကို ရှာဖွေဖော်ထုတ်ရပါမယ်။ ဖြစ်နိုင်တဲ့ လုပ်ငန်းတာဝန် ကဏ္ဍအသစ်တွေကတော့ သူ့အနေနဲ့ အခြားပတ်ဝန်းကျင်ကလူတွေနဲ့ ပြင်ပဆက်သွယ်ရေးကောင်းမွန်လာအောင် ကိုယ့်လူတွေကို လေ့ကျင့်ပို့ချပေးတာမျိုးတို့၊ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေလုပ်နိုင်ဖို့ ရန်ပုံငွေရှာပေးတာမျိုးတို့ ဖြစ်ပါတယ်။ တဖြည်းဖြည်းကြာလာတဲ့အခါမှာ ဒီလိုအလုပ်မျိုးတွေကိုလည်း ရပ်ရွာပြည်သူတွေ ရေရှည်မှာ တာဝန်ယူလုပ်ကိုင်လာနိုင်ဖို့ လွဲပြောင်းပေးဖို့လိုပါတယ်။ ဒီလိုအချိန်ရောက်ပြီဆိုရင်တော့ CO ဟာ အလုပ်လုပ်စရာမရှိတဲ့ အလုပ်လက်မဲ့ဖြစ်သွားပြီပေါ့။

လူထုရဲ့ ရပ်ရွာအဝိုင်းအဝန်းထဲမှာ နေထိုင်တဲ့ ဒေသခံ CO တစ်ယောက်ဆိုရင်တော့ ဒီလိုမျိုးမဖြစ်ပါဘူး။ သူ့အနေနဲ့ သူမွေးဖွား ကြီးပြင်းလာခဲ့တဲ့ ရပ်ရွာပတ်ဝန်းကျင်အတွင်းမှာ Community Organizing ဓလေ့တွေ၊ ယန္တရားတွေနဲ့ စိတ်ဓာတ်တွေ ထာဝစဉ် ရှင်သန်ပေါက်ဖွားတည်တံ့နေဖို့အတွက် နောက်ထပ် CO မျိုးဆက်သစ်တွေကို မွေးထုတ်ပေးတဲ့ တာဝန်ကို ယူနိုင်ပါသေးတယ်။ ဒီလိုမွေးထုတ်ပေးခြင်းအားဖြင့် ကိုယ့် ရပ်ရွာပတ်ဝန်းကျင်ရဲ့ လုပ်ငန်းတွေမှာ ပါ၀င်လုပ်ကိုင် ဆောင်ရွက်နေတဲ့ အင်အားစုတွေ တိုးပွားလားစေမှာ ဖြစ်ပါတယ်။

Community Organizing ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ကျယ်ပြန့်လွန်းတဲ့အတွက်၊ ကိုယ့်ဖာသာကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်လို့ ရနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ Community ဆိုတဲ့ ရပ်ရွာအသိုင်းအဝိုင်း ဆိုတာကတော့ ကိုယ်နေထိုင်တဲ့ ရပ်ရွာပတ်ဝန်းကျင်ကစပြီးတော့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအထိလို့ ဆိုနိုင်ပါတယ်။ Organizing ဆိုတဲ့ စည်းရုံးလှုံးဆော်ခြင်း ဆိုတာကတော့ စနစ်တစ်ခုကို ဖော်ဆောင်တာ သို့မဟုတ် ဖွဲ့စည်းချမှတ်တာ၊ ဒါမှမဟုတ်ရင် ဖြစ်ပျက်နေတဲ့ ပြဿနာအကြောင်းအရာတစ်ချို့ကို ဖြေရှင်းနိုင်ဖို့ဦးတည်ပြီး စုပေါင်းပြင်ဆင်စီမံချဉ်းကပ်ဆောင်ရွက်တာ၊ ပြဿနာတွေကို တိတိကျကျဖော်ထုတ်တင်ပြတာ၊ ဒါမှမဟုတ် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေရရှိဖို့အတွက် တိကျတဲ့လုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်တာလို့ ဆိုရပါလိမ့်မယ်။

 

CO ဆိုတာ စျေးဆိုင်မှာ ဆပ်ပြာ ၀ယ်တာမျိုးမဟုတ်ပါ

တချို့လူတွေက CO ဆိုတာဟာ သိပ္ပံပညာရပ်တစ်ခုလို့ ဒါမှမဟုတ်ရင် စျေးဆိုင်တစ်ဆိုင်မှာ တံဆိပ်အမျိုးမျိုးရှိတဲ့ ဆပ်ပြာအမျိုးအစားတွေထဲကနေ အမျိုးအစားတစ်ခုကို ရွေးချယ်ဝယ်တာမျိုးနဲ့ တူတဲ့ အစီအစဉ်မျိုးလို့ မြင်လေ့ရှိပါတယ်။ CO ဆိုတာ ဒီလိုမျိုးမဟုတ်ဘူးလို့ ရှင်းပြပါရစေ။ ကျွန်ုပ်တို့ယုံကြည်တာကတော့ အကြောင်းအရာတိုင်း၊ ပြဿနာတိုင်း၊ အခြေအနေတိုင်းနဲ့ လုပ်ဆောင်မှုတိုင်းတွေဟာ လူမှုအဖြစ်အပျက်ဆက်စပ်မှု (Social Context) (လူမှုရေးအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ တခုခုစသည်ဖြင့်) သတ်သတ်မှတ်မှတ်တစ်ခုခုအပေါ်မှာ အခြေခံရပါမယ်။ ဒီလို အဖြစ်အပျက်တစ်ခုလုံး (Big Picture) မှာပတ်သက်နေတဲ့ အကြောင်းအရာတစ်ခုခုကို ပါ၀င်လုပ်ဆောင်ဖို့အတွက်မှာ CO အနေနဲ့ အဖြစ်အပျက်အကြောင်းအရာတစ်ခုလုံးကို လွမ်းခြုံနားလည်သဘောပေါက်ထားဖို့ အထူးအရေးကြီးပါတယ်။ COMMUNITY ORGANIZING နည်းနဲ့ ချဉ်းကပ်လုပ်ဆောင်တာဟာ ရပ်ရွာပတ်ဝန်းကျင်တစ်ခုနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုအတွင်းမှာ ရှိနေတဲ့ အကြောင်းအရာတစ်ခုခုကို ဖော်ဆောင်တင်ပြခြင်းဟာ အခြေခံအကျဆုံးနဲ့ အရေးပါဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အားလုံးကိုလွမ်းခြုံတဲ့ လူမှုပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို တကယ်တမ်း ဖန်တီးလိုတဲ့ သူတစ်ယောက်အတွက် ဒီနည်းအပြင် အခြားရွေးချယ်စရာလမ်းမရှိတော့့ပါဘူး။ WELFARE ပုံစံမျိုး၊ လူတစ်စုကိုအကူအညီ အထောက်အပံ့တွေပေးတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ဆောင်ရွက်လိုတဲ့သူတွေအတွက်ကိုတော့ မဆိုလိုပါဘူးနော်။

 

သင့်ရဲ့အခန်းကဏ္ဍနဲ့ ပါ၀င်မှုအတိုင်းအတာကို သိရှိခြင်း

အခြေအနေတစ်ခုနဲ့တစ်ခုအကြား မတူညီတဲ့အခန်းကဏ္ဍနဲ့ ပါ၀င်မှုအတိုင်းအတာရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး ဒေသခံ အတိုင်းအတာလောက်လား၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုနဲ့တစ်ခုကြားမှာလုပ်ဆောင်တဲ့ အတိုင်းအတာအဆင့်လောက်လား၊ မြို့နယ်၊ ခရိုင်အဆင့်ကနေ နိုင်ငံအဆင့်အထိ၊ ဒီကမှ ဒေသတစ်ခုအတိုင်းအတာ ၊ နိုင်ငံတကာအတိုင်းအတာအထိလားဆိုတာ စည်းရုံးလှုံ့ဆော်တဲ့လုပ်ငန်းစဉ်ရဲ့ လိုအပ်ချက်နဲ့ နည်းဗျူဟာတွေအလိုက် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဘယ်လိုမျိုးဘဲဖြစ်ဖြစ် ORGANIZER တစ်ယောက်ဟာ ဒီလိုစည်းရုံးလှုံ့ဆော်တဲ့လုပ်ငန်းတစ်ခုလုံးမှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့တာဝန်ရှိမှုတွေကို ရှင်းရှင်းလင်းလင်းထုတ်ဖော်သိရှိထားဖို့လိုအပ်လှပါတယ်။ တချို့ကတော့ ကိုယ်တိုင်ထင်ထင်ပေါ်ပေါ် လုပ်တာမျိုးမဟုတ်ဘဲ နောက်ကွယ်ကနေ အားပေးကူညီပေးတဲ့ပုံစံမျိုးတို့၊ တချို့ကို ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာတာတို့၊ တချို့ကတော့ ပြောခွင့်ရ ပုဂ္ဂိုလ်တာဝန်မျိုးယူတာတို့ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ နောက်ပိုင်းကနေ ကူညီတဲ့နေရာမှာ စာအုပ်စာတမ်း စာရင်းသွင်းတာတို့၊ မှတ်တမ်းတင်တာတို့၊ ဓာတ်ပုံ ဗီဒီယို ရိုက်ပေးတာတို့၊ ကိုယ်ကျွမ်းကျင်တဲ့အလုပ်မျိုးနဲ့ ရပ်ရွာလုပ်ငန်းတွေမှာ ကူညီလုပ်ပေးတာမျိူးဖြစ်ပါတယ်။ ဥပမာ – ထမင်းချက်ပေးတာ၊ ကားမောင်းတာ အိမ်ဆောက်ပေးတာ၊ တိုင်းရင်းဆေးနဲ့ ဆေးကု ပေးတာ စသည်ဖြင့် ပေါ့။

 

စည်းရုံးလှုံ့ဆော်မှုစက်ဝိုင်း

လူထုအကြား COMMUNITY ORGANIZING လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် အဓိကသော့ချက်ကတော့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့အဖြစ်အပျက်အခြေအနေတွေကို အားလုံးတစ်ညီတစ်ညွတ်တည်း စုပေါင်းပြီးမြင်တဲ့ ဘုံအမြင်နဲ့ ဘုံနားလည်မှု တွေရရှိလာအောင် ကိုယ်ကနေ ဘယ်လိုပံ့ပိုးလုပ်ဆောင်ပေးနိုင်သလဲဆိုတဲ့အချက်ပါဘဲ။ ပြည်သူတွေ ကိုယ်တိုင်သူတို့ရဲ့ အဖြစ်အပျက် အခြေအနေကို သူတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်သုံးသပ်တတ်ဖို့ လိုအပ်လှပါတယ်။ ဒါမှသာ သူတို့တွေအနေနဲ့ အတွေးအမြင်သစ်တွေရှိလာပြီး အဲဒီကမှတဆင့် လှုပ်ရှားဆောင်ရွက်မှုပုံစံတစ်မျိုးမျိုး ထပ်မံပေါ်ပေါက်လာနိုင်မှာပါ။ ဒီလိုလှုပ်ရှား လုပ်ဆောင်မှု အသစ်တစ်ခုကို လုပ်ဆောင်ရာကနေ ပြည်သူတွေဟာ နောက်ထပ်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုကို စီမံဆောင်ရွက်နို်င်မဲ့ သင်ခန်းစာအသစ်တွေကို သုံးသပ်မြင်ယောင်လာနိုင်ပါတယ်။ ဒီလိုနဲ့ စည်းရုံးလှုံ့ဆော်မှုစက်ဝိုင်း သံသရာလည်ပြီး ဆက်ခါဆက်ခါလေ့လာမှု ကရွတ်ခွေတစ်ခုဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

 

အသိတိုးပွားလာမှု (AWARENESS) မှ လှုပ်ရှားဆောင်ရွက်မှု (ACTION) သို့

အသိတိုးမှုမှ လုပ်ဆောင်မှုဆီသို့ ဖြစ်အောင် လုပ်မည်ဆိုပါက အောက်ပါအချက်များကို လုပ်ဆောင်ရန်လိုအပ်ပါတယ်။

(၁) အခြေအနေအဖြစ်အပျက်ကို လူထုအနေနဲ့ စဉ်းစားဆင်ခြင်သုံးသပ်တတ်အောင် လုပ်ပါ။

(၂) ဗဟုသုတနှင့် အသိအမြင်သစ်များ ပေါ်လာအောင်လုပ်ပါ။

(၃) ရည်မှန်းချက်များနှင့် နားလည်မှုများ စုပေါင်းရရှိအောင် လုပ်ပါ။

(၄) စုပေါင်းလုပ်ဆောင်မှုနှင့် အကောင်အထည်ဖော်မှုအစီအစဉ်ကို ပြင်ဆင်ပါ။

(၅) လုပ်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်မှုနှင့် အကဲဖြတ်မှုကို လုပ်ဆောင်ပါ။

(၆) နောက်ဆက်တွဲအစီအစဉ်လုပ်ဆောင်မှုများကို ပြင်ဆင်ပါ။

 

ထို့နောက် မိမိထံမှာ ရှိတဲ့ရင်းမြစ်တွေ၊ လုပ်ဆောင်နိုင်မှုစွမ်းရည်တွေကို သုံးသပ်တာတို့၊ မိမိနဲ့အတူ မဟာမိတ်သဖွယ် လက်တွဲ နေတဲ့ မိတ်ဆွေတွေက  ဘယ်သူဖြစ်တယ်၊ အရေအတွက် မည်မျှရှိတယ်၊ ဒါ့အပြင် မည်သူတွေကတော့ ကိုယ့်ရဲ့ ရန်သူတွေ ဖြစ်တယ်ဆိုတာအကဲဖြတ်တာတို့ စုပေါင်းလုပ်ဆောင်ရပါမယ်။ နောက်ပြီးတော့ ဒီရန်သူအုပ်စုထဲမှာ ရှိနေတဲ့ သူတွေထဲမှ ဘယ်သူတွေကတော့ ကိုယ့်အပေါ်ကိုယ်ချင်းစာနာမှုရှိတယ်။ ဘယ်သူတွေကတော့ ကိုယ့်အပေါ် ခါးခါးသည်းသည်း ဆန့်ကျင် နေသလဲဆိုတာ သိရှိနားလည်ရပါမယ်။

 

အုပ်မြစ်ခိုင်သော အိမ်တစ်လုံး

COMMUNITY ORGANIZING ဆိုတာကို အိမ်တစ်လုံးဆောက်တာနဲ့ ရိုးရိုးလေးနမူနာပေး နှိုင်းယှဉ်နိုင်ပါတယ်။ ပထမဦးဆုံး အိမ်ဆောင်ရင် အိမ်ဆောက်လိုတဲ့ဆန္ဒတူ ရည်ရွယ်ချက်တူရှိတဲ့ သူတွေရှိဖို့ လိုအပ်ပါတယ်။

(CO လုပ်ငန်းစဉ်မှာဆိုရင်လည်း အရေးတကြီးဖြစ်နေတဲ့ ပြဿနာတွေကို ပထမဦးဆုံး ဖော်ထုတ်တင်ပြပြီး လူထုကိုယ်တိုင် ဒီပြဿနာနဲ့ ပတ်သက်ပြီး တစ်ခုခုစုပေါင်း လုပ်ဆောင်လာဖို့ လိုအပ်လှပါတယ်။)

အိမ်ဆောက်တဲ့အခါမှာ နောက်ထပ်အဆင့်အနေနဲ့ အိမ်မှာနေတဲ့သူတွေဆန္ဒသဘောနဲ့အညီ တည်ဆောက်မဲ့ ပုံကြမ်းတွေ လိုအပ်ပါတယ်။ ဒီလို စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့တတွေဟာ ဒီအစီအစဉ်ကို နားလည် သဘောပေါက်ပြီး ဘယ်လိုအသွင်ပုံစံမျိုးနဲ့ဆောက်မလဲဆိုတဲ့ အစီအစဉ်ရှိရပါမယ်။

(CO လုပ်ငန်းမှာဆိုရင် စုပေါင်းလုပ်ဆောင်ကြမဲ့ လုပ်ငန်းအစီအစဉ်တွေအတွက် နည်းဗျူဟာတွေကို စီစဉ်ချမှတ်ရပါမယ်။)

အခုလိုအားလုံးအစီအစဉ်ဖြစ်ပြီဆိုရင် ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုအတတ်ပညာတွေ လိုမယ်၊ ဘယ်လို ကိရိယာ အသုံးအဆောင်တွေကို လိုအပ်မယ်ဆိုတဲ့ ရင်းမြစ်ပိုင်းဆိုင်ရာတွေကို စဉ်းစားဖို့လိုလာပါပြီ။ ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ ပြည့်စုံဖို့ ဘယ်လိုသေချာအောင် လုပ်မလဲ၊ ဘယ်လိုအရာတွေကို ဖော်ထုတ်ဖို့ လိုမလဲဆိုတာ ပြင်ဆင်ရပါမယ်။ ဒီကိရိယာတန်ဆာပလာတွေ ကို ကိုယ့်အဝိုင်းအဝန်းထဲမှာဘဲ ရှာလို့ရနိုင်သလို  ဒီကိရိယာတွေနဲ့ အတတ်ပညာဆို်င်ရာ ဗဟုသုတတွေကို ပြင်ပလူတွေဆီကနေ ရှာလို့လဲဖြစ်နိုင်ပါတယ်။

(CO လုပ်ငန်းစဉ်မှာတော့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း၊ အရည်အသွေး၊ ရင်းမြစ်တွေကို ကိုယ်သုံးသပ်ပြီး ဘာတွေအားနည်းချက်ရှိလဲ၊ ဘာတွေအားကောင်းချက်ရှိလဲဆိုတာကို သုံးသပ်တာမျိုး၊ လိုအပ်လို့ရှိရင် အခြားလူတွေဆီကနေ သင့်တော်တဲ့ အတတ်ပညာ၊ ကျွမ်းကျင်မှုနဲ့ ရင်းမြစ်တွေ ဘယ်လိုယူမလဲ ဆိုတာကို ပြင်ဆင်တာမျိုးနဲ့ အသွင်တူပါတယ်။)

နောက်ဆုံးပြောချင်တာကတော့ အိမ်တစ်လုံးကို အမှန်တကယ်ဆောက်ဖို့ဆိုလို့ရှိရင် အခြေခံအုပ်မြစ်ခိုင်ခိုင်မာမာနဲ့ ပထမဦးဆုံး စရတာဖြစ်တယ်ဆိုတဲ့အကြောင်းပါဘဲ။ အုပ်မြစ်ချပြီးတော့မှ နောက်ထပ်ပင်မတိုင်ကြီးတို့၊ နံရံတို့၊ ပြတင်းပေါက်တို့၊ တံခါးမတို့ နောက်ဆုံး ခေါင်မိုးတို့ ဆက်ဆောက်ရပါတယ်။ အိမ်ရဲ့ ပုံစံဒီဇိုင်းတို့၊ အရောင်အသွေး အဆင်ပြေမှုတို့ကို အိမ်မှာနေထိုင်မဲ့သူ တွေရဲ့ လိုအပ်ချက်အပေါ် လူမှုရေးနဲ့ ယဉ်ကျေးမှုပုံစံအလိုက်ထားရှိတဲ့ သူတို့ရဲ့ဆန္ဒ တွေအပေါ် အခြေခံလေ့ရှိပါတယ်။

(CO လုပ်ငန်းစဉ်မှာတော့ လူထုစည်းရုံးမှုဘောင်ကိုအခြေခံပြီး တည်ထွင်ဖန်တီးမှုတွေပါ၀င်တဲ့ လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော်ခြင်းနဲ့ဆင်တူပါတယ်။)

 

COMMUNITY ORGANIZING လုပ်ငန်းစဉ်

CO လုပ်ငန်းစဉ်မှာ ယေဘုယျအားဖြင့် အဆင့်အသီးသီးရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုပြောတဲ့အတွက် အခြေအနေတိုင်း၊ လုပ်ငန်းတိုင်းမှာ ဒီအဆင့်တိုင်းလုပ်ရမယ်၊ တသွေမတိမ်းထပ်တူလုပ်ရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဒီအဆင့်အတိုင်း လုပ်တာမျိုးမဟုတ်ဘဲ လုပ်သွားတာလည်းရှိပါတယ်။ ယေဘူယျပြောနိုင်တာကတော့ လူမှုပတ်ဝန်းကျင် တစ်ခုကို လှုံ့ဆော်စည်းရုံးတော့မယ်ဆိုရင် ဘယ်လိုမျိုး တွေးခေါ်ရမယ်၊ ဘယ်အရာတွေကို အထူးအလေးပေး စဉ်းစားရမယ်ဆိုတဲ့ မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိတယ်ဆိုတာပါဘဲ။

–              လူထုအား ချဉ်းကပ်ခြင်း

–              ရပ်ရွာပတ်ဝန်းကျင်အား ဆော်သြပေးခြင်း

–              ပြောင်းလဲမှုအတွက် နည်းဗျူဟာများ ချမှတ်ပေးခြင်း

–              စုပေါင်းလုပ်ဆောင်မှုအတွက် လှုပ်ရှားဆောင်ရွက်ပေးခြင်း

–              အဖွဲ့လိုက်ထူထောင်မှုများနှင့် တည်မြဲမှုများ ဖြစ်စေခြင်း

–              ကူညီအားပေးမှုစနစ်များနှင့် အစီအစဉ်များ ဖန်တီးပေးခြင်း

 

လူထုစည်းရုံးရေး ဘာသာရပ် ရှင်းလင်းချက် အကျဉ်း

လူထုစည်းရုံးရေးဆိုသည်မှာ ပြည်သူလူထုသည် ၄င်းတို့နေ့စဉ်ကြုံတွေ့ခံစားနေရသော အခက်အခဲ ဒုက္ခ ပြသနာများကို ၄င်းတို့ကိုယ်တိုင် သိရှိနားလည်လာí မိမိတို့ရသင့်ရထိုက်သော အခွင့်အရေးများအတွက် မိမိတို့ကိုယ်တိုင် ဖြေရှင်းတောင်းဆို တိုက်ပွဲဝင်လာတတ်စေရန် စေ့စပ်ဆော်သြပေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် အစုအဖွဲ့လိုက် ဆောင်ရွက်လာတတ်စေရန်နှင့် ဆုံးဖြတ်ချက် ချမှတ်သည့် ဖြစ်စဉ်တွင် ကိုယ်တိုင် ပါ၀င်နိုင်စေရန် ပြည်သူလူထုအား အစပျိုး ရှေ့ဆောင်မှု ပြုခြင်းကို လူထုစည်းရုံးရေးဟုခေါ်သည်။ လူထုအား အသိပညာမြင့်မားလာ၍ နည်းမှန်လမ်းမှန်ဖြင့် ဆုံးဖြတ်ကာ လှုပ်ရှားလာနိုင်သော၊ လူထုအား တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုရရှိစေခြင်းဖြင့် မိမိကိုယ်မိမိယုံကြည်မှု ရရှိလာစေပြီး အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိစေခြင်းပင် ဖြစ်သည်။ ထိုလုပ်ငန်းများအား လူထုနှင့်အတူ ပူးပေါင်းလုပ်ဆောင်သူကို လူထုစည်းရုံးရေးမှုးဟုခေါ်သည်။

 

ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ခြင်း ( Analysis )

လူထုစည်းရုံးရေးမှူးတစ်ဦးသည် လူထုစည်းရုံးရေးလုပ်ငန်းများကို အမှန်တကယ်လုပ်ဆောင်မည်ဆိုပါက လုပ်ငန်းမလုပ်ဆောင်မီ မိမိ လူထုစည်းရုံးရေးလုပ်ငန်းလုပ်မည့် ဒေသရှိလူထတို့ု အမှန်တကယ် ကြံုတွေ့ ရင်ဆိုင်နေရသော ပြသနာ အခက်အခဲကို ကြိုတင်၍ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ထားရန်လိုအပ်သည်။ သို့မှသာ လုပ်ငန်းအား အမှန်တကယ် လုပ်သည့် အခါတွင်လွယ်ကူမည််ဖြစ်သည်။ သို့ရာတွင် မိမိခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ချက်မှ တွေ့ရှိထားသော ပြသနာ အခက်အခဲသည် လူထုနှင့် တွေ့ဆုံဆွေးနွေးမှုမှ ထွက်ပေါ်လာသော ၄င်းတို့အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာ အခက်အခဲနှင့် ကွဲလွဲနေပါက မိမိတွေ့ရှိချက်ကို အကောင်အထည်ဖေါ်မှုမလုပ်ဘဲ လူထုကိုယ်တိုင်ရှာဖွေတွေ့ရှိထားသော ၄င်းတို့၏ အမှန်တကယ်ကြုံတွေ့နေရသော အခက်အခဲကိုသာ ၄င်းတို့နှင့်အတူ စုပေါင်းဖြေရှင်းရန်လိုသည် သို့မှသာ ၄င်းတို့ကိုယ်တိုင် တက်တက်ကြွကြွ ပူးပေါင်းပါ၀င်လာမည်ဖြစ်သည်။