ဟိုပုံးမြို့အမြောက်ဘက်တွင် တည်ရှိသော နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်ကြီးတွင် မူကြိုမှ တက္ကသိုလ်အထိ အတန်းစာများကို သင်ကြားပေးခြင်း၊ ရှာသာမဏေများအား ပရိယတ္တိအခြေခံ သင်ကြားပေးခြင်း၊ ရဟန်းတော်များအား ပရိယတ္တိ ပဋိပတ္တိကို အခြေခံသော ကျေးလက်ဖွံ့ဖြိုးရေး အပါအဝင် ကောလိပ်တစ်ခုဖွင့်လှစ်သင်ကြားပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်းအောင်စ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်တက်ဆဲ ကျောင်းသား ကျောင်းသူများ၊ မိမိကျေးရွာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ဆောင်နေသော လူငယ်များကိုလည်း နှစ်စဉ်သင်တန်းခေါ်ပေးလေ့ရှိသကဲ့သို့ ကျောင်းထိုင်ဆရာတော်များအားလည်း ဖွံ့ဖြိုးရေးအမြင်ဖွင့်သင်တန်းများ စဉ်ဆက်မပြတ်ပေးလျက် ရှိသည်။ ၎င်းအပြင် နွေရာသီတိုင်းတွင် ပအိုဝ်းစာနှင့်တကွ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း သုံးလတိုင်တိုင် သင်ကြားပေးလျက် ရှိသည်။ ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူများအားလည်း ကွန်ပျူတာ သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို အဆက်မပြတ်ဖွင့်ပေးလျက် ရှိသည်။ ကျောင်းဖွင့်စဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူအတွက် ဓမ္မစကူးလ်ကိုလည်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ပေးလျက် ရှိသည်။ ထို့နောက် အမေရိကန်သံရုံးနှင့် ချိတ်ဆက်၍ ပညာသင်ဆုအတူ ထောက်ပံ့ခြင်း၊ PCF နှင့် ရောင်စုံမိန်းကလေးများ စသည့် LNGO တို့နှင့် တွဲဖက်စီမံကိန်းများ လုပ်ဆောင်ခြင်း စသည်ကိုလည်း လုပ်ကိုင်လျက် ရှိရာ ယခုမှာ swissaid အဖွဲ့နှင့် ပူးပေါင်း၍ အတန်းပညာကို ပြီးဆုံးအောင် မတက်ရောက်နိုင်သော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသည့် သင်တန်းအတွက် ဖွင့်လှစ်ထားသော နောင်တောင်းကို ပံ့ပိုးသည့် စီမံကိန်းလေး တစ်ခု ဖြစ်ပါသည်။