ပတ်သက်ဆက်နွယ်မှုတွေကို လေ့လာရခြင်းဟာ အင်မတန်မှ နှလုံးသားကို အားပြုရတာပါပဲ။ “စကားလုံးတွေက ခံစားချက်တွေကို မသယ်ဆောင်နိုင်ဘူး” ဆိုတဲ့အခါ စကားလုံး အခြေပြု ဆက်သွယ်ဆက်ဆံရေး တွေနဲ့ ရင်းနှီးခဲ့တဲ့အရာတွေအပေါ် ဆင်ခြင်မိတယ်။

ဒီစကားလုံးတွေကြောင့်ပဲ ချစ်ကြ။

ဒီစကားလုံးတွေကြောင့်ပဲ မုန်းကြ။

ဒီစကားလုံးတွေကြောင့်ပဲ ယုံကြည်ကြ။

ဒီစကားလုံးတွေကြောင့်ပဲ မယုံကြည်ကြ။

ဒီစကားလုံးတွေကြောင့်ပဲ ပတ်သက်ဆက်နွယ်မှုတွေ တန်ဖိုးကျရ။

 

စကားလုံးတွေကို အခြေပြုထားတဲ့ ဆက်သွယ်ဆက်ဆံရေး ဖြစ်တဲ့အခါ ဒီစကားတွေမှ မပြောရရင် ဘယ်လိုများ လုပ်ရပါ့မလဲ။ “ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အကြား မတူတာတွေ ဒီလောက်ဝန်းရံနေတာ ၊ ကိုယ်လိုချင်တာ ၊ သူဖြစ်ချင်တာအကြား စကားတွေနဲ့မှ အဓိပ္ပါယ် မဖော်ရရင် သူဘယ်လို သိပါ့မလဲ။ ဒါက ယေဘုယျ တွေးတောစရာပေါ့လေ။

သိအောင် ပြောရင်း ပြောရင်း ကြိုးစားရင်း ရုန်းကန်ရင်း ကနေမှ သူဟာ ဘယ်သူပါလိမ့်။ သူဟာ ငါသိတဲ့သူ မှ ဟုတ်ရဲ့လား။ ဖြစ်လာရတော့ ပတ်သက်ဆက်နွယ်မှုတွေကို မေ့ချင်လာရတော့တာပါပဲ။ “နားလည်မှ ရင်းနှီးမယ်” တဲ့ အင်မတန် ရိုးရှင်းသော်ငြား တစိမ့်စိမ့် တွေးလေ လေးနက်ရလေပါပဲ။ ကိုယ်နဲ့ ပတ်သက်ဆက်နွယ်တဲ့အရာတွေနဲ့ ရင်းနှီးပြီလား တွေးတဲ့အခါ လူလူချင်း သာမက သဘာဝပတ်ဝန်းကျင်ကြီးကိုပါ နားလည်ဖို့ ကြိုးစားရတာပါ ဒါမှသာ ကိုယ်တွေဟာ ဆက်နွယ်ရတာပါ။

ဒီတော့ ကိုယ့်ကို မေးရမှာတော့ နားလည်ပါပြီလား ရင်းနှီးပါပြီလား။ ရင်းနှီးတယ် ထင်ရသော သူစိမ်းတွေ သိပ်များရင်တော့ နာကျင်ရတယ်။ နားလည်ဖို့ ရင်းနှီးဖို့ ဘာများ လုပ်ရပါ့မလဲ ဆိုရင်တော့ “ကလေးလေးတစ်ယောက်လို နားထောင်ပါတဲ့” လိုလိုလားလား နားထောင်ခြင်း ၊ ကိုယ်မရှင်းလင်းတာကို သေချာအောင်မေးခြင်း ၊ စူးစမ်းမှုနှင့် နားထောင်ခြင်းတဲ့ ကိုယ်တွေက ကလေးဘ၀ကို ဖြတ်သန်းခဲ့ကြသူတွေ ဖြစ်တဲ့အခါ ကလေးတစ်ယောက်လို နားထောင်ခဲ့ဖူးကြမှာပါပဲ။ တဖြည်းဖြည်း ကြီးရင့်လာတဲ့အခါ သိတာတွေ သိပ်များလာတဲ့အခါ ကလေးတစ်ယောက်လို နားမထောင်နိုင်ကြတော့တဲ့အခါ ဆက်နွယ်မှုတွေ ကို ပျက်စီးစေတာပါပဲ။

 

နားထောင်ပေးရမှာ သိပ်အရေးကြီးကြောင်းသိသော်ငြား ဘာလို့များ နားမထောင်နိုင်ကြတော့တာပါလိမ့်။ ဒီနေရာမှာ SPIRITUALITY ဆိုတဲ့ မွန်မြတ်သောအလှ (ဒီဘာသာပြန်ထားတဲ့စကားလုံးကို ဆရာနော်အောင် ဆီက သိရတာ သိပ်ကို ကျေးဇူးတင်ရပါတယ် ဆရာ) စကားလုံးလေးက သိပ်လှတာပဲ။ နေ့စဉ်ခန္ဓာကိုယ်ကို အာဟာရတွေ ဖြည့်နေသော်ငြား ကိုယ့်ရဲ့အတွင်းထဲက မွန်မြတ်သောအလှကို ကြီးထွားလာအောင် ပြုစုပျိုးထောင်ဖို့ မေ့နေတဲ့အခါ နားထောင်ဖို့အတွက် အသင့်မဖြစ်နေတော့ဘူး။

လူတိုင်းဆီမှာ မွန်မြတ်သောအလှရှိတယ်။ သဘာ၀၀န်းကျင် ကြီးကနေ အခမဲ့ရနေတဲ့ Eco Service က အဲဒီ မွန်မြတ်သောအလှလေး ရှင်သန်ဖို့ ကို ပံ့ပိုးပေးနေတယ်။ သဘာဝထဲက တည်ရှိတဲ့အရာတွေရဲ့ ရှင်သန်မှုက အများအတွက် အကျိုးကိုလိုလားခြင်း ၊ အေးချမ်းစေခြင်း ၊ အထောက်အပံ့ပြုခြင်း ၊ အပြန်အလှန်မှီခိုခြင်း ၊ ကာကွယ်ခြင်း ၊ လုံခြုံစေခြင်း ၊ နေရာပေးခြင်း ၊ အသိအမှတ်ပြုခြင်း ၊ ငြိမ်းချမ်းစေခြင်း စတဲ့အရာတွေကို ထိတွေ့ ခံစားမိစေတယ်။ အဲဒီ သဘာဝကြီးထဲ နေတဲ့အခါ သူတို့တည်ရှိပုံကနေ ပြန်လည်သင်ယူရတယ်။ ပြိုင်ဆိုင်ခြင်း ၊ မနာလိုခြင်း ၊ အသုံးချခြင်း ၊ စိတ်ဆိုးခြင်း ၊ ဒေါသထွက်ခြင်း ဆိုတဲ့အရာကို သဘာဝထဲမှာ မခံစားရဘူး။ စကားလုံးတွေနဲ့ ဆက်သွယ်ကြတဲ့ လူ့လောကကြီးထဲမှာမှ ဒါမျိုး ခံစားရတယ်။ သဘာဝဆီက ပြန်လည်သင်ယူဖို့ပါပဲ။ ကိုယ့်ရဲ့ ကိုယ်တွင်းက “မွန်မြတ်သောအလှ “လေး ရှင်သန်ဖို့ ကိုယ်က ကြိုးစားရမှာပဲ။

အကယ်၍များ တတ်နိုင်မယ်ဆိုရင်ပေါ့လေ

ကျွန်တော့်ကို စကားလုံးတွေထဲမှာ မရှာပါနဲ့လား။

အပြန်အလှန် ရင်းနှီးဖို့ အချင်းချင်း နားလည်ဖို့ကိုသာ ကြိုးစားကြစို့လား။

ကလေးလေးတစ်ယောက်လို နားထောင်နိုင်ဖို့ “မွန်မြတ်သောအလှ” တွေရှင်သန်နိုင်ဖို့ ဆက်နွယ်သူများဆီက အလှတရားတွေကိုသာ  ကျွန်တော်သင်ယူပါရစေ။

(ဆရာနော်အောင် ရဲ့ ကျေးဇူးနဲ့ Mindful Communication (အလေးအနက်ထားသော ဆက်သွယ်ဆက်ဆံရေး) တစ်ရက်တာ မျှဝေမှုကနေ တွေးမိ ၊ ခံစားမိ၊ ဆင်ခြင်မိသော ဟိုရောက် ဒီရောက်များပါလေ။ အင်မတန် ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွှင်ဖွယ်ရာသောအချိန်လေးပါ)

သင်ယူလေ့လာခွင့်ရစေခဲ့တဲ့ အခြေအနေတွေနဲ့ အထောက်အပံ့ပြုသူများ အားလုံးကို အင်မတန် ကျေးဇူးတင်ရပါတယ်။

 

ဖူးပွင့်