“ပညာ ဟူသည်ကား အပြစ်၊ အကျိုး ခွဲခြမ်း နိုင်ခြင်း ဉာဏ်တည်း” ဟု ရှင်မဟာ သီလဝံသ၏ “ပါရာယနဝတ္တု” ၌ဆိုပါသည်။

“ပညာဟူသည် စာအုပ်စာတမ်း ဖတ်ရှု၍ စာသိ သိမှုကို ပညာဟု မဆိုလိုပေ…၊ ပညာသည် အတိုင်းအဆမထင်…အလွန်ကျယ်ပြောနက်နဲလှပေသည်။ လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိပညာသင်များ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တစ်သက်တာတွင် ကုန်ဆုံးသည်ဟုမဆိုနိုင်ပေ။ ပညာတတ်ဟူသည် လောကရှိအရာရာကို အခွင့်အလန်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကို လည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓါတ်တို့ကို လည်းကောင်း၊ ပြုပြင်ပြုစု စီမံထားသူသာ ဖြစ်သည်” ဟု ဗိုလ်ချုပ်အောင်ဆန်းသည် ပညာအပေါ်တွင်အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြောင်းမှတ်သားဖူးပါသည်။     ပညာသင်ကြားရေး(သို့မဟုတ်)ပညာရေးကိုEducationဟုခေါ်ဆိုကြောင်းအများကလက်ခံထားကြပါသည်။ ထို ဝေါဟာရသည် “Educere” ဟူသော လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်ရင်းမှာ ဦးဆောင်၍ ခေါ်ယူသည်။ ဆွဲထုတ်သည်”ဟု ဆိုပါသည်။ ဆိုလိုသည်မှာ အခြားတစ်ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ လိုအပ်သည့် ပန်းတိုင်သို့ ဦးဆောင်၍ခေါ်ခြင်း၊ တစ်ဦးသောပုဂ္ဂိုလ် (သို့) တစ်ခုသောပစ္စည်းက ပုဂ္ဂိုလ်တစ်ဦး၏ နစ်မြုပ်လျှက် ရှိသော စွမ်းရည်တို့ကို ဆွဲထုတ်ပေးခြင်းဖြစ်သည်ဟု ယူဆကြောင်း ဆရာကြီးတက်တိုး ရေးသားထားသော ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်တွင်ဖတ်မှတ်ဘူးပါသည်။

ထိုဆောင်းပါးတွင်ပင် ဆက်၍ ပညာရေးသည် ကျွန်ုပ်တို့ အားလုံး၌ ရှိသော စွမ်းရည်တို့ကို ညီညီညွတ်ညွတ်တိုးတက်စေရေးပင်ဖြစ်သည်။ ပညာရေးသည်ကလေးငယ်များကိုထိန်းသိမ်းစောင့်ရှောက် သည့်အခန်းမှကျောင်းခန်းသို့ဆက်၍ရောက်ရှိသွားသည်။

နောက်ကျောင်းငယ်၊ ကျောင်းကြီးတို့၌ သင်ယူ ပြီးသော်လည်း ပညာသင်ယူမှုသည် မပြီးဆုံးပေ။ တစ်သက်လုံး ဆက်လက် သင်ယူနေရ၏ ဟု ဖော်ပြထားခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ အမြင်နှင့် ဆရာကြီးတက်တိုးတို့၏ “ပညာ” ဟူသော စကားရပ်အပေါ်တွင်ထားရှိသော အယူအဆသည် တူညီနေကြကြောင်းတွေ့ရှိရပါသည်။

ထို့ပြင် ဗြိတိသျှ သမိုင်း ပညာရှင်ကြီး အက်ဒွပ်ဂစ်ဗန်း (Edward Gibbon, 1737 – 94) က လူတိုင်း၌ ပညာသင်ယူမှုသည် နှစ်မျိုးရှိသည်။ ပထမသည်။ သူတပါးက မိမိအား သင်ကြားပေးခြင်း ဖြစ်သည်။ နောက်တစ်မျိုးကမူ မိမိကိုယ်တိုင် မိမိက သင်ကြားပေးခြင်း ဖြစ်၏ဟု ဆိုသည်” ဟူ၍ ဂျွန်လတ်ဘတ် (John Lubbok) က သူ၏ “ဘဝကို အသုံးပြုခြင်း” ( The Use of Life ) စာအုပ်၌ ဆိုထားကြောင်းလည်း ထည့်သွင်းဖော်ပြထားပါသည်။

အထက်ပါ ဖော်ပြချက်နှင့် ပတ်သက်၍ ပညာသင်ကြားခြင်းနှင့် သင်ယူခြင်း ဟုဆိုရာတွင် တစ်ဦးတစ်ယောက်က သင်ကြားပေးခြင်း။ မိမိကိုယ်တိုင် တွေ့မြင် ကြားသိမှုအရ သင်ယူခြင်းဟူ၍ နှစ်မျိုးနှစ်စားရှိကြောင်းစဉ်းစားဖြစ်ပါသည်။

ဂရိပညာရှိကြီး အရစ္စတိုတယ် (Aristotle) က “လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်” ဟု ဆိုဖူးပါသည်။ လူသည် အရာရာ၌ သိချင်၊ တတ်ချင်စိတ် ရှိသောသတ္တဝါ ဖြစ်ပါသည်။ ထိုစိတ်ကြောင့်လည်း သိလာ တတ်လာကြသည်။ ထိုသို့ သိလာ တတ်လာ သောကြောင့်ပင် လူ၏ နေထိုင်မှုအခြေအနေသည် ပြောင်းလည်းတိုးတက်လာခဲ့သည်။

လူဆိုသည်မှာ သိလိုသည့်အလျောက် စုံစမ်းလေ့လာ စေ့ငုသောကြောင့် “အသိ” ကိုရရှိလာသည်။ အသိရှိလာသောကြောင့် အတတ်ကိုလည်းရရှိလာသည်။ အသိ၊ အတတ် တို့ကြောင့် “ပညာ” သည် ပေါ်ထွန်းလာလေသည်။ ယခု အခါ၌မူ အသိကိုလည်း ပညာဟု ခေါ်ကြသည်။ “ပညာဗဟုသုတ” ဟု ဆိုကြသည်။ အတတ်ကိုလည်း ပညာဟု ခေါ်ကြသည်။ “အတတ်ပညာ”ဟု ဆိုကြသည်။

အသိနှင့် အတတ်တို့သည် ပညာပေါ်ထွန်းရာ၌ အထောက်အပံ့ ပြုသည်မှန်၏။

သို့သော် အသိချည်းပညာ မဟုတ်သေး။ အတတ်ချည်း ပညာမဟုတ်သေး။

အသိနှင့်အတတ် ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်ချက်ကို အခြေပြု၍ တွေးခေါ် မြော်မြင်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းတို့ကို ပြုပြီးမှ ရရှိသော အဆီအနှစ်သည် သာလျှင် “ပညာ” ဖြစ်၏ဟု ဆရာကြီးတက်တိုးက ဆိုထားပါသည်။

Well-rounded human beings စာအုပ်တွင်လည်း “ကျွန်ုပ်၏ အတွေ့အကြုံ အရဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမာန်မျှသာဖြစ်သည်။ ပို၍ အရေးပါသည်မှာ တသက်ပတ်လုံး မိမိကိုယ်ကိုမိမိ သင်ပေးခြင်းပင်ဖြစ်သည်။ ရောက်ဖို့ခက်ခဲသော၊ ဝေးလံသော၊ လူ့တန်ဖိုးအစစ်ကို ဖော်ထုတ်သော ပန်းတိုင်သို့ အရောက်သွားရန် အားသွန်ကြိုးပမ်းခြင်းသည် အထူးလိုအပ်၏။ ပညာတစ်ရပ်ရပ်၌ အထူးလေ့လာ သင်ကြားခြင်း သည် ကောင်းပါ၏။ သို့သော် ကြီးကျယ်ခက်ခဲသော လုပ်ငန်းများအတွက် လိုအပ်နေသည်မှာ ပညာရပ်တစ်ခု၌ တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပညာရှင်မျိုး မဟုတ်။ သမိုင်း၊ ယဉ်ကျေးမှု၊ စာရိတ္တ စသည့်ပညာတို့ အကျုံးဝင်သော ပညာကိုတတ်ကျွမ်းသော၊ ထောင့်ချိုးညီသော၊ လူပီသသော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်” ဟု အမေရိကန် စာရေး ဆရာကြီး ဂျိန်းစ်အေ မစ်ချနား (James A. Michener) က ဆိုထားကြောင်း ဆရာကြီးတက်တိုးက ဖော်ပြထားပါသည်။

 

ပညာရပ်တစ်ခုတွင် Knowledge (အခြေခံဗဟုသုတ)၊ Wisdom (ထိုးထွင်းသိမြင်မှု) Enlightenment (တပ်အပ်ဆင်ခြင်နိုင်မှု) ဖြစ်ပေါ်စေရန် ကိုယ်တိုင်ပင် ပြုစုပျိုးထောင်လေ့ကျင့်ပေးရပါသည်။

ဗဟုသုတကို အခြေခံ၍ ဖြတ်သန်းလာသော အတွေ့အကြုံအရ လူမှုကိစ္စရပ်များကို ထိုးထွင်းသိမြင်လာနိုင်ပါသည်။ ထို့ထက်သာလွန်သော်တပ်အပ်ဆင်ခြင်နိုင်မည်ဖြစ်ပြီး စစ်မှန်ခြင်းဟူ သောအသုံးချအမှန်တရားများကိုဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။

သာမန်လူတို့အနေဖြင့်ကား ပါရမီရှင်များ မဟုတ်ခြင်းကြောင့် Enlightenment ခေါ်သော တပ်အပ် ဆင်ခြင်နိုင်မှုတို့အားဖော်ထုတ်နိုင်ရန် အလွန်ပင်ခက်ခဲပါလိ့မ်မည်။

သို့သော် “Real Knowledge” ဟုခေါ်သော စစ်မှန်သည့် သုတပညာရပ်များကိုကား ပြန့်ပွါးစေခြင်းနှင့် ချန်လှပ်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံတို့ကို အခြေခံ၍ဆောင်ရွက်နိုင်ပါသည်။

လူသားတို့သည် သင်ယူတတ်သော သတ္တဝါများဖြစ်ပါသည်။ သင်ယူလိုသော၊ တတ်မြောက်လိုသော ဆန္ဒကိုယ်စီရှိကြပါသည်။ ဆက်လက်၍လည်း တတ်မြောက်မှုကို အသုံးချလိုကြပါသည်။

ထိုတတ်မြောက်ကျွမ်းကျင်မှုအား အသုံးချရာတွင်လည်း ပရသဘောဆောင်သော အသုံးချခြင်းနှင့် အတ္တဆန်သော အသုံးချခြင်းဟူ၍ (+ mind set) နှင့် (- mind set) ဟူသော ပင်ကိုယ်သဘော အတိုင်းပင်အသုံးချတတ်ကြပါသည်။

ယနေ့ ခေတ်ကာလသည် ပညာဦးဆောင်သော ခေတ်ဖြစ်ပါသည်။ လူတစ်ဦးချင်း၊ အဖွဲ့တစ်ဖွဲ့ချင်းမှသည် တိုင်းပြည်တစ်ပြည်လုံးတိုးတက်ရန် ပညာတတ်များ လိုအပ်ပါသည်။

ပညာတတ်များတွင်လည်း အပြုသဘောဆောင်သော စွမ်းဆောင်ရည်မြင့်သည့် အတွေ့အကြုံကောင်းများ များစွာလိုအပ်ပါသည်။ ထိုအတွေ့ အကြံုကောင်း များကို တန်ဘိုးရှိစွာ ဖော်ထုတ်သုံးစွဲနိုင်သော စိတ်စေတနာကောင်းများလည်း လိုအပ်ပါသည်။

ပညာဟူသော ရနံ့ကို မွှေးကြိုင်သင်းပျံ့သော ရနံ့လေးများ ဖြစ်စေချင်ပါသည်။ ပြင်းထန်စူးရှသော ရနံ့များ မဖြစ်စေလိုပါ။ ပညာတတ်များ၏ ခရီးအား အတက်ခရီးသာဖြစ်စေလိုပါသည်။ ပိုင်ဆိုင်သော အလျင်အရ အောက်ခရီးသို့ မသွားရောက်စေလိုပါ… တိုင်းပြည်အတွက် အနာဂတ်အတွက် မြင့်မြတ်သော ခရီးကိုသာ လျှောက်လှမ်းစေလိုပါသည်။

ပညာကိုအသိဉာဏ်ကအုပ်စိုးသည်။ အသိဉာဏ်ကိုဆင်ခြင်တုံတရားက အုပ်စိုးသည်။ ဆင်ခြင်တုံတရားကိုသတိကအုပ်စိုးသည်။ သတိကို မေတ္တာတရားဖြင့် ထိန်းကျောင်းရမည်ဟူသော စကားအတိုင်း အမိမြန်မာနိုင်ငံတော်ကြီးတွင် ဆင်ခြင်တုံတရားနှင့် စေတနာတရားကြီးမားသည့် မွှေးရနံ့သင်းပျံ့သော ပညာတတ်မျိုးဆက်များ ပေါ်ထွန်းပါစေကြောင်း ဆန္ဒပြုလျှက်…..

 

Source: ကွန်ဆူးမား