တလောက သင်တန်းတစ်ခု လုပ်ပြီးတဲ့နောက် အစီရင်ခံစာရေးနေတုန်း အိမ်နီးချင်းနိုင်ငံက ပြန်လာတဲ့ ရဟန်းတစ်ပါးက အစီရင်ခံစာထဲထည့်ထားတဲ့ ဓာတ်ပုံတွေကြည့်ရင်း ပြောတယ်။

“မင်းတို့ သင်တန်းခန်းမက ဆွဲဆောင်မှုမရှိဘူး”

ဆိုပြီး သူက သင်တန်းခန်းမအတွင်း ဘယ်လိုလုပ်သင့်ကြောင်း ပြောတယ်။ အဲဒါက SEMS က ပြောနေကျ ပုံစံနဲ့ သွားတူတယ်။ စာဖတ်စာပွဲ ပန်းအိုး စာကြည့်တိုက်စတာတွေ ထောင့်တစ်ခုမှာ ရှိနေသင့်တယ်။ စိတ်ပြေလက်ပျောက် ကစားလို့ရတဲ့ စစ်တုရင် ခြင်လုံး ပင်ပေါင် စတဲ့ပစ္စည်းတွေရယ် ဉာဏ်ကစားစေတဲ့ ပစ္စည်းတွေရယ် ခုံလေးတစ်လုံးနဲ့ ထားသင့်တယ်။ နောက် အလှဆင်ထားတဲ့ ပန်းအိုးတို့ သင်တန်းသားတို့ စိတ်လွတ်လပ်စွာရေးဖို့ Free Wall တို့၊ Parking lock တို့ ထားသင့်တယ်။ နောက်တစ်ခုက စာအုပ်စာတန်းထားဖို့နေရာ လွယ်အိတ်တွေ ဖုန်းတွေ သိမ်းဖို့နေရာ ရေနွေးတွေ ကော်ဖီတွေ ဖျော်ပြီး စိတ်အပန်းပြေပြေနဲ့ သောက်လို့ရမယ့်နေရာတွေ ထားသင့်တယ်။ နေရာတွေက သပ်သပ်ရပ်ရပ်လေး ဖြစ်သင့်တယ်။ သင်တန်းသားတွေ ထိုင်မယ့်နေရာက စိတ်ချလက်ချဖြစ်မယ့်နေရာ စိတ်သက်တောင့် သက်သာနဲ့ ဆွေးနွေးနိုင်မယ့်နေရာ ဖြစ်သင့်တယ်။ လေနှင့် အလင်းလည်း ကောင်းကောင်းလိုမှာပဲ။ ဒါက သင်တန်းခန်းမပုံစံ။

နောက် သင်တန်းဆရာက စိတ်ကိုဖွင့်ထားရမယ်။ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ထားရမယ်။ ကိုယ်မသိတာတွေ ရှိမှာပဲလို့ သဘောထားရမယ်။ မသိတာတွေ တကယ်ရှိခဲ့ရင်လည်း ကြိုဆိုရမယ်။ အမှား အမှန်ပြောပြဖို့ ခွဲဖို့ထက် နက်နက်နဲနဲနားထောင်ဖို့လိုတယ်။ အမှားဆိုတာ ဘယ်သူနဲ့မှ မကင်းဘူး။ လေ့ကျင့်ခန်းဆင်းနေတယ်လို့ စိတ်ထဲသဘောထား။ ကိုယ်တိုင် သင်ယူနေတယ်လို့ သဘောထား။

သင်တန်းစတိုင်း သင်တန်းမှာ ခက်ခဲတာ တစ်ခုခုဖြစ်လာတိုင်း ငြိမ်သက်ခြင်းကို ပြုလုပ်ရမယ်။ ငြိမ်သက်ခြင်းဆိုတာ တရားထိုင်တာ။ ဒါကို သင်တန်းမစခင်တိုင်းမှာ လုပ်ရမယ်။ ဘယ်လောက် ကြာကြာ လုပ်သင့်သလဲဆိုတော့ မိနစ် (၃၀) ကနေ တစ်နာရီအထိ လုပ်နိုင်တယ်။ သင်တန်းမှာ ခက်ခဲတာ တစ်ခုခု ဖြစ်ပေါ်တတ်မြဲပဲ။ စိတ်ကို စုစည်းလို့မရတော့အောင် ဖြစ်သွားနိုင်တဲ့ အခိုက်အတန့်လေးတွေ ရှိတယ်။ အဲဒီအခါ တရားထိုင်လိုက်တာ အကောင်းဆုံးပဲ။ တရားထိုင်နည်းအမျိုးမျိုးကို ကိုယ်က မှတ်ထားရမယ်။ တချို့က လင်္ကာလေးတွေနဲ့ ရှိတယ်။ တချို့က ဝင်သက်ထွက်သက်ကို မှတ်တယ်။ တချို့က ပိန်ဖောင်းနဲ့ မှတ်တယ်။ တချို့က စိတ်ကို တောက်လျှောက်ကြည့်ခိုင်းတယ်။ မိမိကျွမ်းကျင်တဲ့ တစ်နည်းနည်းနဲ့ သွားရမယ်။

သင်ခန်းစာတွေ တကယ်စတဲ့အခါမတော့ သင်ခန်းစာရဲ့ နဂိုရ်ရင်းစွဲ ရည်ရွယ်ချက်ကို သေချာလေ့လာထားရမယ်။ 3H ကို ဘာကြောင့် သင်ရတာလဲ။ သင်တန်းသားတွေကို ဘယ်လိုဖြစ်စေချင်လို့လဲ။ ဒီသင်ခန်းစာပြီးရင် သင်တန်းသားတွေ ဘယ်အနေအထားကို ရောက်နေရမလဲ စသဖြင့် ရည်ရွယ်ချက်တွေ သိထားရမယ်။ သင်ခန်းစာကို ဘယ်လိုလမ်းညွန်မှုနဲ့ သွားမလဲ။ သင်တန်းချိန် ဘယ်လောက်ကြာမလဲ။ ဘာစကားတွေ အဓိကထားပြေမလဲစသဖြင့် အစီအစဉ်ကို အစီအစဉ်တကျ ရေးဆွဲထားပြီးမှ သင်တာအကောင်းဆုံးပဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက သင်တန်းတစ်ခုကို ညှိနှိုင်းပေးရတုန်း သင်တန်းဆရာတစ်ယောက်က ပြောတယ်။ “သင်ခန်းစာတွေက အများကြီးပဲ ဘယ်အချိန် ဂိမ်းကစားပေးရမလဲ” တဲ့။ သူက သင်တန်းထဲမှာ ဂိမ်းဆိုတာ မဖြစ်မနေ ကစားပေးရတဲ့ နည်းလမ်းတစ်ခုလို့ တွက်ဆထားပုံရတယ်။ ဂိမ်းက နှစ်မျိုးရှိတယ်။ အိပ်ချင်ပြေဂိမ်းနဲ့ သင်ခန်းစာဂိမ်းတို့ဖြစ်ပါတယ်။ အိပ်ချင်ပြေကတော့ အိပ်ချင်ပြေမို့ အမျိုးမျိုး ဖြစ်တတ်တယ်။ တခါခါတော့ သူလည်း ခက်ခဲတာမျိုး ရှိတတ်ပါတယ်။ သင်ခန်းစာဂိမ်းကတော့ ခက်ခဲလေ့ရှိပါတယ်။ သူက စိန်ခေါ်မှုပါဝင်လေ့ ရှိတာမို့ပါ။

ဒီမှာ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက် ရှိတယ်။ သင်တန်းသားအားလုံး ပါဝင်နိုင်သလားဆိုတာ အရင်စစ်ပါ။ တစ်ခါတုန်းက ကြုံဖူးတယ်။ သင်တန်းကို ပေးလာတဲ့ ၇ ရက်လုံးလုံး သင်တန်းဆရာဟာ သူ့သင်တန်းသားကို သေချာမကြည့်မိဘဲ သင်တန်းသားတစ်ယောက်လုံးဝ မကစားနိုင်တဲ့ ဂိမ်းတစ်ခုကို ကစားပေးလိုက်တယ်။ ဂိမ်းက တော်တော်နဲ့ မပြီးတော့မှ ပြန်တိုင်ပင်တော့ သင်တန်းသားတစ်ယောက်က ထူးခြားသန်စွမ်းသူ ဖြစ်နေတယ်။ ဂွမ်းရော။

နောက်တစ်ချက်က ပူးပေါင်းပါဝင်မှုကို ဖြစ်စေရဲ့လား။ ပူးပေါင်းမှုကို အလေးထားရဲ့လား။ သည်ဂိမ်းကစားပြီးမှ သင်တန်းသားအချင်းချင်း အမြင်မကြည်ဖြစ်သွားစေနိုင်လားဆိုတဲ့ အချက်။ ပြီးတော့ လုံခြုံရဲ့လားဆိုတာပါပဲ။ Play for peace သင်တန်းတက်တုန်းက သင်တန်းဆရာက တစ်ခုခု ကစားပြီးတိုင်း မေးတဲ့ မေးခွန်းက “ပျော်လား” ဆိုတာပဲ။ ဂိမ်းဟာ ပျော်ရွှင်နေစေရပါမယ်။ သင်တန်းဆရာက ကိုယ်တိုင် လုပ်ပြနိုင်နေရမယ်။ လုပ်မပြနိုင်တဲ့ ဂိမ်းတွေကို မကစားပေးပါနဲ့။

ကစားမယ်ဆိုရင် (၁) ဂိမ်းနာမည် သေချာပြောပါ။ (၂) သရုပ်ပြပါ။ (၃) စည်းမျဉ်းသေချာပြောပါ။ (၄) အစမ်းလုပ်ကြည့်ပါ။ (၅) အားလုံးရ မရစစ်ပါ။ (၆) ကစားပါ။ (၇) လက်ခုပ်တီးပြီး အဆုံးသတ်ပါ။ အဆုံသတ်တဲ့အချိန်က အပျော်ဒီဂရီမှတ် အမြင့်ဆုံးတက်ချိန်မှာ ဖြစ်ပါတယ်။ ကစားနည်းတွေထဲမှာ တစ်ယောက်ယောက်နဲ့ ထိတွေ့စေတဲ့ ကစားနည်း။ ဦးနှောက်ကို လှုပ်စေတဲ့ကစားနည်းတွေကို ကစားသင့်ပါတယ်။

ပြီးတော့ သင်တန်းက အမယ်စုံရပါမယ်။ စာချည်းသင်နေမိတာမျိုး မဖြစ်ရဘူး။ သီချင်းပါရမယ်။ ပန်းချီဆွဲတာ ပါရမယ်။ စဉ်းစားတာ ပြောတာ ကိုယ်လက်လှုပ်ရှားတာ အချိန်ယူတာ နားတာ စသဖြင့် ဦးနှောက်နှစ်ခြမ်းလုံး အလုပ်လုပ်စေမယ့် သင်တန်းဖြစ်ဖို့လိုပါကြောင်း။

(ဆရာတာ၏ သင်တန်းပေးနည်းကို မှီးသည်)