သည်နောက်ပိုင်း သင်တန်း သင်တန်းဆိုတဲ့ စကားလုံးက တော်တော်လေး ဖောင်းပွလာတယ်။ ဒါကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းသားများက သင်တန်းဆိုရင် စိတ်မဝင်စားတော့ဘဲ သူတို့ကို Workshop လို့ လူလာအောင် နာမည်ကိုပြောင်းပြီး ခေါ်ရတယ်လို့ ဖောင်ဒေးရှင်းတစ်ခုက ဆရာက ပြောဖူးတယ်။ အင်းလေ မလာချင်လောက်အောင်လည်း သင်တန်းတွေက အမျိုးမျိုးဖြစ်နေတာကိုး။ အမျိုးမျိုးဖြစ်နေတဲ့အထဲက ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာ သင်တန်းတွေမှာပါ အမျိုးမျိုးဖြစ်လာတယ်။ ရှေးရိုးစွဲကြီးတွေလား ကိုတပ်ပတွေလားမသိ။ သူတို့တွေ ဝင်လာတဲ့နောက်ပိုင်း သင်တန်းတစ်ခု နှစ်ခုလောက်တက်ပြီးနောက် သူတို့လည်း သင်တန်းပေးချင်လာတယ်။ ပြီးတော့ သင်တန်းကြေးကို မဆန့်မပြဲတောင်းတယ်။ တလောတုန်းက Par သင်တန်းအတွက် သင်တန်းဆရာ ရှာတာ။ တရက်ကို နှစ်သိန်းတောင်းလို့ တော်တော်ခေါင်းကိုက်ဖူးတယ်။

တရက်က သူငယ်ချင်းတစ်ယောက် သင်တန်းပေးနေတယ် လာအားပေးပါဦးဆိုလို့ သွားကြည့်လိုက်တယ်။ ဘုရား ဘုရား သင်တန်းလို့ နာမည်ခံထားတဲ့ Special Talk ကြီး။ ရှေ့ကနေ သူပို့ချချင်တာ ပို့ချနေတာ။ သင်တန်းသားမျက်နှာ တစ်ချက်မကြည့်ဘူး။ ပြီးရင် ဆိုလိုက်ကြဦးဆိုပြီး ဆိုခိုင်းတယ်။ အောက်က ကလေးတွေက ဆော့သူဆော့။ စာအုပ်ထဲ အရုပ်ဆွဲသူဆွဲ။ ဒါပေမယ့် ဆရာကတော့ သူသိတာ သူတတ်တာ အကုန်ပြောနေတာ။ နားထောင်မိတဲ့ အချိန်ဖြစ်တဲ့ နှစ်နာရီအတွင်း မနားတမ်း ပြောနိုင်တာကို ချီးကျူးမိတယ်။ အဲဒါလည်း နာမည်က သင်တန်းပဲ။ မှားတော့မမှားဘူး။ ဆိုတော့ သင်တန်းဆိုရင် တချို့စိတ်မဝင်စားတော့တာလည်း မဆန်းပါဘူး။ သိပ်မကြာသေးတဲ့ တစ်ရက်က သင်တန်းကို လာအားပေးပါဦးဆိုလို့ သွားလိုက်တယ်။ အတန်းမတူတဲ့ ကလေး ၈၀ ကို တယောက်တည်း မိုက်နဲ့အော်နေတဲ့ ဓမ္မစကူးလ်ဆရာမတယောက်ကို တွေ့လိုက်ရတယ်။ သူက သမ္ဗုဒ္ဓေဂါထာထဲမှာပါတဲ့ ဘုရားပေါင်းကို အာပေါင်အာရင်းသန်သန်နဲ့ ရှင်းပြတယ်။ နောက် သစ္စာလေးပါးကို ဇာတိဇရာ ဗျာဓိစတာတွေနဲ့ ရှင်းပြတယ်။ ပြီးတော့ ဇွတ်ယဉ်ကျေးခိုင်းတယ်။ ကျွန်တော်တောင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းဆိုတာကြီးကို အားနာသွားတယ်။ သူတို့ဆရာမက ထွင်တာလား။ သင်တန်းဆရာတွေ ပြန့်ချင်ဇောနဲ့လုပ်လိုက်တဲ့ ၆ ရက်တာ ဆရာဖြစ်သင်တန်း အစွမ်းကြောင့်လားမသိတွေးမိသွားတယ်။ ပြီးတော့ကာ အဲလို သင်တန်းဆရာမတွေ ဘယ်လောက်များနေမယ်မသိလို့လည်း ဆက်တွေးသွားမိရဲ့။

သင်တန်းကို ပံ့ပိုးသူဆိုတာ ကြားခံသူပဲ ဖြစ်သင့်ပါတယ်။ သင်တန်းသား တတ်သွားအောင်က ကိုယ်ကိုယ်တိုင်က Tool ဖြစ်နေဖို့လိုပါတယ်လေ။ ဘာဖြစ်လဲမေးပြီး အဲဒီအဖြေကို သင်ကိုယ်တိုင်က ပြန်ပေးနေပြီဆိုရင်တော့ ဆရာသာလုပ်ပါတော့။ ဆရာဆိုတာ စက်ချုပ်သင်တာ။ ကွန်ပျူတာသင်တာ။ စာသင်ကျောင်းမှာ စာသင်တာကို ပြောတာ။ သင်ရှင်းပြလို့ သင်တန်းသားက နားလည်သွားတာမျိုးက မလုံလောက်ပါဘူး။ သင့်ကနေတစ်ဆင့် သင့်ရဲ့ကျွမ်းကျင်မှုကနေတစ်ဆင့် သင့်ရဲ့လေးစားမှုကနေတဆင့် သင့်ရဲ့ကြောက်ရွံ့မှုကနေတဆင့် သင့်ရဲ့ လိုအပ်မှုကနေတဆင့် အဲဒီထက် သင်ရှိနေခြင်းကနေတဆင့် သင်တန်းသားတွေဟာ ပြောင်းလဲဖို့ စဉ်းစားဖို့ ဖြစ်သွားရမယ်။

ပံ့ပိုးသူဆိုရဲ့ အနေအထားက သင့်ကနေ ဘာအကောင်းဆုံးထွက်လာပြီး သူတို့ကို ဘယ်လိုအကောင်းဆုံး စဉ်းစားဆင်ခြင်တတ်သွားစေမလဲ ဆိုတာပါပဲ။

နောက်ဆုံး ဘာကနေမှ စဉ်းစားဖို့ အကြောင်းရှာမရရင် ဂိမ်းတွေကစားပါ။ အိပ်ချင်ပြေဂိမ်းထက် စိန်ခေါ်မှုပါဝင်တဲ့ ကစားနည်းများကို ကစားပါ။ Falling from heaven တို့ Walking on nail တို့ Crossing electric fence တို့အထိကစားပေးလိုက်ပါ။ ပြီးရင် သူတို့ဆီကနေ အဖြေထုတ်ပါ။

အဖြေကို ဘယ်လိုထုတ်မလဲ။ နောက်ဆုံး ကျွန်တော်တို့ သင်တန်းတစ်ခု တက်လိုက်ရတယ်။ အဲဒီမှာ ဆရာပရာချာက Walking on nail ကိုပြန်ကစားခိုင်းပါတယ်။ ကစားဖူးသူရော မကစားဖူးသူပါ ကစားရသလို coordinator ပါဝင်ဆော့လိုက်ရတယ်။ ပြီးတော့ အဲဒီ Coordinator တွေကိုပါ မေးပလိုက်တယ်။ ပြီးတော့ သင်တန်းသားတွေကို Walking on nail နဲ့ပတ်သက်ပြီး ခေါင်းဆောင်မှုအပိုင်းကို တစ်ပိုင်းနှင့် အချင်းချင်းချိတ်ဆက်မှုဆိုတဲ့အပိုင်းကို သတ်သတ်စဉ်းစားခိုင်းတယ်။

တလောက သင်တန်းဆရာတယောက်လည်းဖြစ် ဘလော့ဂါလည်းဖြစ်တဲ့ ကိုဥဂ္ဂါနဲ့တွေ့တယ်။ ၂၀၀၉ လောက်မှာ သူက သင်တန်းဆိုတာနဲ့ သွားတက်တာတဲ့။ အဲမှာ ဆရာသက်နဲ့တွေ့တယ်။ အဲဒီတုန်းက တွေးခဲ့တဲ့အတွေးကို သူပြန်ပြောပြတယ်။ “ဘယ့်နှယ် ဒီဘဲကြီးက ငါတို့ကိုချည်းပဲ စဉ်းစားရအောင် လုပ်နေတာတုန်းဟ” ဆိုပဲလေ။