သင်တန်းပေးရာမှာ တချို့ကိစ္စတွေ (တချို့သင်ခန်းစာတွေ) ကို ကိုယ်တိုင်ကိုယ်ကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မြင်နေရတာက praxis (အတွေ့အကြုံအားဖြင့် သင်ယူခြင်း) ကိုပေးတယ်။ ကိုယ်တိုင်ကျတော့ praxis (အတွေ့အကြုံအားဖြင့် သင်ယူခြင်း) မဖြစ်တာမျိုးရှိတယ်။ တခါခါ အလုပ်တစ်ခုအပေါ် ဘယ်လိုခံစားပေးရမလဲ။ ဘယ်ကနေ ခံစားမလဲဆိုတာကိုတောင် မတွေ့တာ မသိတာ မခံစားတာကို တွေ့ရတယ်။ ဝတ်ကျေ တန်းကျေဖြစ်မနေဖို့ အရေးကြီးတာပဲ။ ဒါကို ထပ်ကာ ထပ်ကာ လုပ်နေရင်းကနေ ထပ်ကာထပ်ကာ ပြန်ကြည့်နေရတယ်ဆိုတာ ရင်ထဲတကယ်ရောက်မထားလို့ပါပဲ။ (သင်ခန်းစာအတွက် တင်ကြိုပြင်ဆင်မှုဆိုရင်တော့ စာတွေပြန်တာ ပြန်ကြည့်တာတော့ လုပ်ရမှာပါပဲ။) ရင်ထဲရောက်ပြီးသားဆိုရင် အဲဒီထဲကနေ နည်းလမ်းတွေ တစ်ဆင့်ပြီးတစ်ဆင့် ပွင့်ထွက်နေမှာ ဖြစ်တယ်။ အဲဒါမှ သင်ခန်းစာက ပိုမိုတိုးတက်လာမှာ ဖြစ်တယ်။ ပေးလိုက်တဲ့ စာတွေအတိုင်းလိုက်ပြောနေတာ ဖတ်ထားတာကို ပြောနေတာမျိုး မဖြစ်ရဘူး။ စာတွေကို အလွန်အမင်းအားကိုးအားထားတွေ လုပ်နေကြရသေးရင် လက်တွေ့သာ ကိုယ့်ဘာသာ များများလုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ စာတွေ့ထက် ကိုယ်တွေ့တွေကို ရှင်းပြနိုင်နေရမယ်။ ကိုယ်နားလည်သလို နားလည်နေရင်လည်း သေချာလား မသေချာလား တကယ်အမှန်လား လွဲနေလား စသဖြင့် ဆရာတွေ တတ်သိနားလည်သူတွေ သို့မဟုတ် အချင်းချင်းတွေမှာ ပြောဆိုကြည့်ရမယ်။

အချင်းချင်းပြောဆိုဆွေးနွေးတာ တိုင်ပင်တာမှာ တယောက်ကို တယောက် သေချာနားထောင်ဖို့လိုတယ်။ သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကို ရောက်ရဲ့လားဆိုတာနဲ့ တိုင်းတာရမယ်။ ရည်ရွယ်ချက်ကို ရောက်ရင် လက်ခံရမယ်။ ငါ့ဆရာက ဒီလိုသင်ထားတာ ငါ့ဆရာမက ဟိုလိုသင်ထားတာ လုပ်လို့မရဘူး။ တကယ့် ဆရာ ဆရာမတွေက သူတို့ သင်တန်းပေးနေချိန် သင်တန်းသားအပေါ်မူတည်ပြီးတော့ သင်တန်းပုံစံ သင်ကြားနည်းပုံစံ ပြောဆိုပုံစံ ဥပမာတွေကွဲတယ်။ အဲဒါကို ကိုယ်က နားလည်ထားမှ အဆင်ပြေမယ်။

သင်တန်းပေးနေချိန်မှာ သင်တန်းသားတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုပြည့်ဝသွားအောင် တည်ဆောက်ပေးရမယ်။ ဒီကိစ္စမျိုး ဒီသင်ခန်းစာမျိုးက ဆရာတို့ကပဲ ပေးနိုင်တာ ဆရာမတို့ကပဲ သိတာဖြစ်အောင် မလုပ်ရဘူး။ သင်ခန်းစာကို ပြင်ဆင်ရာမှာ သင်တန်းသားနဲ့ သင့်တော်သော သင်ခန်းစာ ဖြစ်နေရမယ်။ သင်တန်းသားရဲ့ အနိမ့်အမြင့်ကို အမြဲဂရုစိုက်ပေးရမယ်။ လေ့လာမှုအားကောင်းကောင်းနဲ့ သင်တန်းသားကို စောင့်ကြည့်တတ်ရမယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံတယ်လို့ ခံစားနေရအောင် ပြောဆိုပြုမူ နေထိုင်ပေးရမယ်။ မိမိသည်လည်း သင်တန်းသားများနဲ့ တစ်သားတည်းဆိုသည်အထိ နေပေးရမယ်။ Facilitator (ပံ့ပိုးသူ) စစ်စစ်ဖြစ်နေအောင် နေရမယ်။

သင်တန်းသားတွေအားလုံး အချင်းချင်း ပြန်လည် သင်ယူနိုင်အောင် ဖန်တီးပေးရမယ်။ အုပ်စုခွဲတာ အုပ်စုစိတ်ဓာတ်တည်ဆောက်တာ စတာတွေ လုပ်ပေးရမယ်။ အုပ်စုထဲမှာ ပြဿနာဖြေရှင်းတာ သဘောထားတင်ပြတာ နားထောင်ပေးတာ ဆက်ဆံရေးစွမ်းရည် တိုးတက်တာမျိုး ထိရောက်စေတယ်။ အထူးသဖြင့် ပြဿနာဖြေရှင်းနေချိန်မှာ ပံ့ပိုးသူက မလိုအပ်ပဲ ဝင်စွက်ဖက်တာမျိုး မလုပ်သင့်ဘူး။ တကယ့်တကယ် ဝင်ရောက်ဆုံးဖြတ်ပေးတော့မယ်ဆိုရင် အားလုံးကို တချက်သေချာပြန်နားထောင်ပေးပါ။ ကိုယ်နှိုက်ကလည်း ခေါက်တုံ့ခေါက်ပြန် စဉ်းစားရမယ်။

ဒီအပိုင်းမှာတော့ နောက်တစ်ခုထပ်ဖြည့်ပါဦးမယ်။ အဲဒါကတော့ သင်တန်းသားတွေကို ဝေဖန်ပိုင်းခြား စဉ်းစားတတ်အောင် သင်ပေးခြင်းဖြစ်ပါတယ်။ သတင်းအချက်အလက်ကို အလွတ်ပေးတာမဟုတ်ပဲ ကိုယ်ကိုယ်တိုင်လည်း စိစစ်ပေးရမယ်။ အဓိကကတော့ သေချာနားထောင်ပေးတာပဲ။ ကိုယ်ပေးမယ့် သင်ခန်းစာကို ကြေငြက်အောင် လုပ်ထားတာပဲ။ စာတွေများများ ဖတ်ထားရတာပဲ။ စာများများဖတ်လို စိတ်လည်းရှိရမယ်။ စာဖတ်တဲ့အခါ ကိုယ့်အတွက်သက်သေအဖြစ်ဖတ်တာမျိုးလည်း မလုပ်ရဘူး။ သူများပြောဖို့ ဖတ်တာမျိုးလည်း မလုပ်ရဘူး။

ဒီအပိုင်းမှာ ထပ်ခါ ထပ်ခါ ပြောမိတာကတော့ စာများများဖတ်ပါ။ သေချာနားထောင်ပါ။ မဆုံးဖြတ်ခင်စဉ်းစားပါ ဆိုတဲ့အပိုင်းတွေပဲ ဖြစ်ပါတယ်။ နည်းနည်းချင်းစီပဲ ပြောသွားပါ့မယ်။ များနေရင် ဝေမှာစိုးလို့။ တစ်ကန့်ချင်းစီ ဖတ်ကြပေါ့။