သင်တန်းတစ်ခုကောင်းကောင်းပေးချင်တယ်ဆိုရင် ရည်ရွယ်ချက်တစ်ခု ထားရမယ်။ ဒီသင်တန်းသားတွေ ဘာဖြစ်သွားရမယ်။ ဘယ်အဆင့်အထိ ရောက်ရမယ်ဆိုပြီးတော့ပေါ့။ မြန်မာစကားပုံလေးတစ်ခုကိုလည်း နားလည်ထားရမယ်။ ဒူးလောက်မှန်းမှ ရင်လောက်ကျ ဆိုတဲ့စကားပုံ။ (ရင်လောက်မှန်းမှ ဒူးလောက်ကျ မဟုတ်ဘူးနော်၊ အဲဒါ အမြဲမှားကြတယ်။ မှားစရာမရှိ ကြံဖန်မှားချင်နေသူတွေ) တစ်ခါခါကျရင်လည်း ကျော်ချင် ကျော်ပေမပေါ့။ သင်တန်းအစမှာ ပြောနေကျ ပုံပြင်လေးတစ်ခုအတိုင်းပါပဲ။ တနေ့တော့ ဂျပန်လူငယ်လေး တစ်ယောက် (ဒီနေရာမှာ တချို့က ဘရုစလီကို ထည့်လားထည့်ရဲ့၊ တချို့ကျတော့လည်း တရုတ်ဘုန်းကြီးကလေးတစ်ပါး ဖြစ်နေပြန်လေရဲ့၊ ထားပါ သင်ဦးဆောင်ခေါ်လိုရာ ခေါ်ပါ) ဟာ သိစရာမှန်သမျကိုလည်း သိပြီ။ တတ်စရာမှန်သမျကိုလည်း တတ်နေပြီတဲ့။ သူမသိ သူမတတ်တာ မရှိသလောက်ပါပဲ။ သို့ငြား ဟိုဆော့ခရတ္တိရဲ့ စကားကိုလည်း သူသိပုံရတယ်။ ‘ငါသိသလောက် ငါဘာမှ မသိသေးဘူး’ ဆိုတာမျိုးကို။ အဲလိုနဲ့ သူပညာဆက်ရှာတာပေါ့။ တနေ့တော့ တိဗက်ဘုန်းကြီးတစ်ပါးက သူသိလိုသမျ သင်ပေးနိုင်သေးတယ်လို့ သူကြားတယ်။ ဒါနဲ့ အဲဆီသွားတယ်။ ရောက်တယ်။ ရောက်တော့ ဟိုက ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ ဂျပန်လူငယ်လေးကတော့ ပြောပြတယ်။ ဘယ်လိုပညာမျိုးကိုလည်း သူတတ်ပြီ။ ဘယ်ပညာဆိုရင်လည်း သူသိပြီးသားဆိုတာမျိုး ကရားရေလွတ် တတွတ်တွတ်နဲ့ သူပညာသွားသင်ရမယ့် ဆရာဆီကို သူ့တတ်ကြောင်း တော်ကြောင်းတွေနဲ့ အရင်ဖို့တယ်။ ဟိုတိဗက်ဘုန်းကြီးကလည်း ဘာမှ မပြောဘူး။ နားထောင်ပဲ နားထောင်နေတယ်။ နားထောင်ရင်း ရေနွေးကြမ်းသောက်ခိုင်းတယ်။ ရေနွေးခွက်ကို လူငယ်လေးရှေ့ ချပေးထားတယ်။ ပြီးတော့ ရေနွေးကြမ်းကို ငှဲ့ပေးတယ်။ လူငယ် တတွတ်တွတ်ပြောနေသလို သူကလည်း လူငယ်ပြောတာ မရပ်မချင်း တောက်လျောက်ထည့်ပေးနေတယ်။ ခွက်ကလေးကလည်း ငယ်လေတော့ လျှံကျတယ်။ လူငယ်လည်း ပြောတာ မရပ်ဘူး။ ဘုန်းကြီးလည်း ရေနွေးကြမ်းငှဲ့တာ မရပ်ဘူး။ ကြာတော့ မျက်စိရှေ့မှာ ရေနွေးကြမ်းခွက်သေးသေးထဲ ရေနွေးကြမ်း လျှံနေတာကို မရပ်ဘဲ ဆက်ထည့်နေတာနဲ့ လူငယ်က မနေနိုင်တော့ဘဲ ဘုန်းကြီးကို ပြောတယ်။

“ရေနွေးတွေက လျှံနေပြီ ဘာလို့ ဆက်ထည့်နေတာလဲ”

အဲမှာ တိဗက်ဘုန်းကြီးက ပြန်ပြောတယ်။

“အဲလိုပဲ ပြည့်နေတဲ့ခွက်ထဲ ငါဘာထည့်ထည့် လျှံမှာပဲ၊ ငါ့ဆီကို လာခဲ့ရင်တော့ခွက်အလွတ်ကလေးနဲ့လာမှ အဆင်ပြေလိမ့်မပေါ့”

တဲ့။

ဆိုတော့ ခွက်အလွတ်နဲ့ လာခဲ့သူများကတော့ ပိုရချင်လည်း ရမပေါ့။ တစ်ထွာပြလို့ တစ်တောင်မြင်သူလည်း ရှိတတ်တယ်လေ။ တချို့ကျတော့လည်း ခေါင်းနဲ့ပန်းလို ချက်ချင်းပွင့်ချင် ပွင့်သွားမပေါ့။ သင်တန်းတစ်ခုမှာ ဘယ်သူ ဘယ်ဝါ ဘာဖြစ်မယ်ဆိုတာကတော့ ပြောရခက်လှချည့်။

ဆိုတော့ သင်တန်းတစ်ခုမှာ သင်တန်းပံ့ပိုးသူရော သင်တန်းသားရော တက်ကြွစွာ ပါဝင်နေဖို့လိုတယ်။ ဒါက အရေးကြီးတဲ့ ပထမအချက်ပါ။ တက်ကြွစွာပါဝင်နေဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ခွဲခြားဆက်ဆံလို့ မရဘူး။ ကျားမ ခွဲတာ။ ပညာခွဲတာ။ အသက်ကြီးငယ်ခွဲတာ စသဖြင့် တစ်ခုခုကို ခွဲခြားဆက်ဆံလိုက်ပြီဆိုရင်တော့ သင်တန်းဟာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ကျဆင်းပါတယ်။ အဲဒီလိုဆိုရင်တော့ တက်ကြွစွာ ပါဝင်ဖို့ ခက်သွားပါပြီ။ ဆိုတော့ အဓိက သော့ချက်တစ်ခုက ခွဲခြားဆက်ဆံခြင်းမပြုရဆိုတာပါပဲ။

တက်ကြွစွာပါဝင်နေဖို့ နောက်တစ်ချက်ကတော့ အဖွင့်မေးခွန်းမေးခြင်းပါပဲ။ ဖြေသာတဲ့ စိတ်လက်ချမ်းသာစွာ ဖြေနိုင်တဲ့ မေးခွန်းမျိုးဖြစ်နေရမယ်။ ခွန်အားပါတဲ့ မေးခွန်းတွေ အပိတ်မေးခွန်းတွေ တူးဆွမေးခွန်းတွေကို လျှော့ရမယ်။ အထူးသဖြင့် အပိတ်မေးခွန်းမမေးရဘူး။ အပိတ်မေးခွန်းတွေ လေးငါးခုလောက် မေးလိုက်ရင် သင်တန်းသားတွေ ညည်းငွေ့သွားမှာ ဖြစ်လို့ တက်ကြွမှုကျသွားမယ်။ မလိုအပ်ရင် ခွန်အားပါတဲ့ မေးခွန်းမျိုးကိုလည်း မမေးသင့်ပါဘူး။ လိုအပ်မှသာ တူးဆွမေးခွန်းမျိုးကို ရွှင်လန်းသွားအောင် မေးသင့်ပါတယ်။

ဆက်ပြီးတော့ အရေးကြီးတာ တစ်ချက်ကတော့ အနှစ်ချုပ်တတ်ခြင်း၊ လိုရင်းရောက်အောင် ပြောတတ်ခြင်းပါပဲ။ တခါခါ သင်တန်းသားတွေက နားလည်နေပြီ။ ကိုယ်က ပြောမပြီးသေးတာမျိုး ရှိတတ်တယ်။ သတိထားရမှာတချက်ကတော့ သင်တန်းသားတွေသည် လုံးဝအလွတ်ကြီးမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင် သူ့ကျင်လည်ရာနဲ့ သူ့လေ့လာသမျှ သူသိထားပြီးသားဆိုတာကို သိထားရမယ်။

တစ်ခုကြုံတတ်တာကတော့ ခက်ခဲတဲ့ သင်တန်းသားပါ။ အမျိုးမျိုးရှိတတ်ပါတယ်။ စကားမပြောတာ။ သီးခြားခွဲထွက်တာ။ ဆရာကြီးလုပ်တာ။ ကဖျက်ယဖျက်ပြောတာ။ စသဖြင့် ခက်ခဲတဲ့ သင်တန်းသားများကို ကိုင်တွယ်နိုင်ရမှာ ဖြစ်ပါတယ်။

ကိုယ်သင်တန်းပေးနေရင်း ဘာဆက်လုပ်ရမလဲဆိုရင် သင်တန်းသားတို့ရဲ့ လိုအပ်ချက်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ်ပြောတာ များနေပြီ။ သင်တန်းသားတွေ ဝေနေပြီဆိုရင် ရပ်ပြီး မေးခွန်းအစီအစဉ်စမလား။ တခြား စိတ်တက်ကြွစေတဲ့ ဂိမ်းတစ်ခုခု ဆော့မလားပေါ့။ သင်ခန်းစာကို ချက်ချင်း ပြောင်းမလား။ သင်ကြားနည်းကို ပြောင်းမလား။ တစ်ခုခု လုပ်ကို လုပ်ရတော့မယ်။ တခါခါ သင်တန်းသားတွေ နားမလည်တာကို ကိုယ်က ဆက်ပြောနေမိတတ်တယ်။ သင်တန်းသားရဲ့ တက်ကြွမှုကို စောင့်ကြည့်ရမယ်။ ဟိုက ပြားနေတာကို ကိုယ်က ဆက်ဖိနေမိတာမျိုးရှောင်ရမယ်။ ကိုယ်ပေးနေတဲ့ အရာကို သင်တန်းသားတွေ လိုအပ်ရဲ့လား။ စိတ်ဝင်စားရဲ့လားကို သတိကြီးကြီးထားပြီး စောင့်ကြည့်တတ်ရမှာ ဖြစ်ပါတယ်။ ဒါတွေက သင်တန်းဆရာမှာ ရှိရမယ့် စွမ်းရည်တွေ ဖြစ်ပါတယ်။

နောက်တမျိုးကတော့ သင်တန်းသားတွေရဲ့ စွမ်းရည်နဲ့ သိက္ခာကို လေးစားရမှာ ဖြစ်ပါတယ်။ Self Awareness သင်တန်းမှာ လူလေးမျိုးခွဲတာ ရှိတယ်။ enneagram မှာ လူကိုးမျိုးခွဲတယ်။ Multiple Intelligent မှာ လူအမျိုးမျိုး စွမ်းရည်အမျိုးမျိုးရှိတယ်။ ဒါတွေက လူတွေဟာ မတူသော စွမ်းရည်များ ပိုင်ဆိုင်ထားကြကြောင်း သိထားရမယ်။ နောက်တစ်ခုက လူသားဂုဏ်သိက္ခာဖြစ်ပါတယ်။ လူသားဖြစ်ခြင်းရှိမယ်။ လူမျိုးရှိမယ်။ ဘာသာရှိမယ်။ အသက်အရွယ်ရှိမယ်။ ဒါတွေကို လေးစားနေရမယ်။

ပြီးရင် လွတ်လပ်ပြီး တရားမျှတမှုကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ တဖက်ဖက်ကို ဖိတာ။ လူတစ်ဦးဦး အဖွဲ့တစ်ခုခုကို မကောင်းပြောတာ အပုပ်ချတာမျိုး ရှောင်ရှားရမှာ ဖြစ်ပါတယ်။ သင်တန်းပေးနေရင်း သင်တန်းသားတွေရဲ့ ရင်ထဲ ဘယ်လိုအမုန်းတရားမျိုးကိုမှ မထည့်ရပါဘူး။ အမြဲတရားမျှတပြီး လွတ်လပ်နေရမယ်။ ပြီးတော့ တန်းတူ အခွင့်အရေးပေးရမယ်။

နောက်ဆုံးတစ်ခု ထပ်ပြောပါရစေ။ တယောက်တည်း ရှေ့က ပြောတာ။ အဆုံးသတ်မှာ နားလည်တယ်မဟုတ်လား။ ငါပြောတာ မရှင်းတာ မရှိဘူးမဟုတ်လား စတဲ့ ငါသာသိ ငါသာတတ် ဆရာဗဟိုပြုကို ရှောင်ရမယ်။ အတတ်နိုင်ဆုံး သင်တန်းသားကိုဗဟိုပြုရမယ်။ လိုအပ်ရင် သင်တန်းကို ဗဟိုပြုသင့် ပြုရမယ်။ အဓိကကတော့ ရင်ထဲ ရောက်သွားဖို့ ဖြစ်ပါတယ်။ ရင်ထဲရောက်မှ တကယ်တတ် တကယ်သိမှာပါ။

အထက်က ပြောသွားတာကို ပြန်ချုပ်ရရင်

အဓိကအားဖြင့် ခွဲခြားမဆက်ဆံရဘူး။

စွမ်းရည်အားဖြင့် အဖွင့်မေးခွန်းမေးတတ်ခြင်း၊ အနှစ်ချုပ်တတ်ခြင်း (လိုရင်းပြောတတ်ခြင်း)၊ ခက်ခဲသော သင်တန်းသားကို ကိုင်တွယ်ခြင်းနှင့် သင်တန်းသားလိုအပ်ချက်ကို သိခြင်းဖြစ်ပါတယ်။

စိတ်သဘောထားကတော့ သင်တန်းသားများရဲ့ စွမ်းရည်နဲ့ ဂုဏ်သိက္ခာကို လေးစားရမယ်။ တန်းတူညီမျှ ဖြစ်ရမယ်။ သင်တန်းသားကို ဗဟိုပြုရမယ်တို့ ဖြစ်ပါတယ်။

 

ဆက်လက်ဖော်ပြသွားပါဦးမယ်။