ပိုကောင်းတဲ့ဘဝတွေနဲ့ ပိုကောင်းတဲ့ကမ္ဘာကြီးကို တကယ်ကောင်းတဲ့ ပညာရေးကပဲ တည်ဆောက်ပါလိမ့်မည်။ သည့်ထက်ရိုးရှင်းတာမရှိဟု Heikki Autto က ဆိုသည်။

ဖင်လန်နိုင်ငံတွင် အသက် (၇) နှစ်အထိ ကျောင်းမနေချင်၍ ရသည်။ အစိုးရစစ်၊ အဆင့်သတ်မှတ်ခြင်း၊ စစ်ဆေးရေးဝင်ခြင်း၊ အထူးကျောင်းစသည့် ရွေးချယ်ချက်များမရှိ။ ပုဂ္ဂလိကကျောင်းဆို၍ အနည်းငယ်သာ ရှိသည်။ စာသင်ရာတွင် ပျော်နေရမည် ပျော်စရာကောင်းနေရမည်ဟု ဖင်လန်အမျိုးသားပညာရေး အေဂျင်စီခရစ်ချတီးနားက ပြောသည်။ သူတို့၏ သင်ရိုးကလည်း ကျယ်ကျယ်ပြန့်ပြန့်နှင့် ပျော့ပျော့ပြောင်းပြောင်းရှိသည်။ စာမေးပွဲစုစစ်ခြင်းစသည်မလုပ်ဘဲ တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးမှုကိုသာ အသားပေးသည်။

လေ့လာသင်ယူမှုကိုသာ အဓိကထားသည်။ စာမေးပွဲကို အဓိကမထား။ ကျောင်းသားများအား တော်သည် ညံ့သည်ဟု ခွဲခြားသတ်မှတ်ခြင်း၊ ကျောင်းများကို အဆင့်သတ်မှတ်ခြင်းကို သတ်မှတ်ခြင်းစသည်တို့ကို အယုံအကြည်မရှိကြောင်းကို Volmari ကပြောသေးသည်။

ကလေးတွေ ပျော်နေရမည်။ ပျော်နေသော ကလေးကသာလျင် တကယ့်သင်ယူမှုကို ပြုလုပ်နိုင်သည်။ ဖင်လန်တွင် ကျောင်းတက်နေသော ကလေးများသည် ပျော်နေကြသည်။ တက်ကြွနေကြသည်။ ပါဝင်လှုပ်ရှားနေကြသည်။ တကယ်တော်ကြပါရဲ့လားဟု မေးရန်ရှိသည်။ ကမ္ဘာ့နှင့်အဝှမ်း သုံးနေသော PISA (ကျောင်းသားများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် သင်္ချာစွမ်းရည်စစ်စာမေးပွဲ)တွင်ပင် ဖင်လန်ကျောင်းသားများက ထိပ်က ပြေးသည်။ PISA စာမေးပွဲကို အရှေ့အာရှတွင်တော့ အမှတ်ကောင်းဖို့ အပြိုင်အဆိုင် အတင်းအကြပ်လုပ်နေကြချိန်ဖြစ်သည်။ ဖင်လန်ကတော့ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်နေသည်။ ကလေးတယောက်ချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ပေးသည့်စနစ်ဖြင့်သာ ဖင်လန်နိုင်ငံက သင်ကြားပေးသည်။

ပညာရေးမူဝါဒတွင်လည်း ကျောင်းသားတို့၏ အရည်အချင်းသည် မိဘ၊ အုပ်ထိန်းသူတို့၏ ပညာအရည်အချင်း၊ သူတို့၏ နောက်ခံ၊ သူတို့၏ ရာထူးနှင့် ကြွယ်ဝမှုများနှင့် မည်သို့မျှ မသက်ဆိုင်စေရဆိုသည် မူဝါဒကို ကိုင်စွဲထားသည်။ ကလေးတို့၏ လိုအပ်သည့်အရည်အချင်းကို လိုအပ်သည့်အတိုင်း ပံ့ပိုးပေးသည့် စနစ်က ဖင်လန်နိုင်ငံ စာသင်ကျောင်းများမှ စတင်သည်။ ကလေးတိုင်း အထူးလိုအပ်ချက် ရှိသည်။ ထို့ကြောင့် ကလေးတိုင်းအတွက် အထူးပညာရေးသာ လိုသည်။

ကလေးများသည် ကစားရင်း လေ့လာသင်ယူတတ်သည်။ ၎င်းတို့ကိုယ်တိုင် ပါဝင်နေရလျင် လှုပ်ရှားနေလျင် တက်ကြွနေလျင် သင်ယူမှုသည် ကောင်း၍ နေပါတော့သည်။ ဆရာများက ကလေးများ မည်သည့်အရာကို စိတ်ဝင်စားနေပါသနည်း။ ဘာတွေသိချင်နေပါသနည်း ဆိုသည့်အချက်ပေါ်မူတည်၍ သင်ခန်းစာအစီအစဉ်ရေးဆွဲပါသည်။

ဖင်လန်နိုင်ငံ၏ အမျိုးသားပညာရေး အက်ဥပဒေသည် ၂၄ မျက်နှာသာ ရှိပြီး ပညာရေးမျှော်မှန်းချက်ကို ကျယ်ကျယ်ပြောပြော ချပြထားသည်။ ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်အပေါ် အခြေခံ၍ သည်မျှော်မှန်းချက်ကို မည်ကဲ့သို့လုပ်မည်နည်း ဆိုသည့်အတိုင်း ကျောင်းဆရာများက မိမိကြိုက်နှစ်သက်သလို သွားနိုင်သည်။ ကလေးများ ဖွံ့ဖြိုးပြီး လွတ်လပ်စွာ ရှင်သန်နေရန် ကိုယ့်ကိုယ်ကို ထိန်းကျောင်းတတ်ရန် မိဘက အရေးကြီးသည်။

ဖင်လန်တွင် နေ့လည်စာ အခမဲ့ကျွေးသေးသည်။ ကျောင်းသားများကို လေ့ကျင့်သင်ကြားရာတွင်လည်း လွတ်လပ်စွာ ဖွံ့ဖြိုးမှုကိုသာ အဓိကထားသည်။ အလွန်အေးသည့် နှင်းခဲထဲ ကလေးများ ပြေးလွားနေလျင် အနွေးထည်ဝတ်အုံးဟု မဆို။ သူတို့ကိုယ်တိုင် အေးသည့်အနေအထားရောက်မှ သူတို့ဘာသာ ဝတ်စေဖို့သာ ဆုံးဖြတ်စေသည်။ ပြီးလျင် မိဘများနှင့် အတူကစားကြသည်။ ဆရာများအနေဖြင့် ကလေးများအား လွတ်လပ်မှုကို အပြည့်အဝပေးထားပြီး သူတို့ဘာလုပ်ချင်လဲ ဘာကစားချင်လဲ စသည်ကိုကြည့်ပြီး သူတို့၏ သင်ဘူနိုင်စွမ်းကို ပံ့ပိုးဖန်တီးပေးကြသည်။ Trust ယုံကြည်မှု Ownership ကိုယ့်အလုပ် ဆိုသည့် စကားနှစ်လုံးကိုတော့ ဖင်လန်နိုင်ငံ ပညာရေးနှင့် ပတ်သက်၍ မိဘများ ဆရာများ နိုင်ငံရေးသမားများ အပြောအများဆုံး စကားလုံးများဖြစ်သည်။

ဆုံးဖြတ်ချက်အားလုံးသည် ကျောင်းထဲတွင် အပြီးသတ်သည်။ မည်သည့်အထက်အမိန့်မှ စောင့်ရန်မလို။ မစောင့်ရ။ ဆရာများအား ထိုမျှထိ လွတ်ထားသည့်အပေါ် သြစတေးလျနိုင်ငံ လေ့လာရေး အရာရှိကြီးများပင် အံ့အားသင့်ခဲ့ရသည်။ ဖင်လန်အတွက် အဓိက ကျင့်သုံးသည့် နည်းစနစ်မှာ ဆရာများကို အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ထားပြီးသည့်နောက် စိတ်ချလက်ချ လွတ်ထားလိုက်ခြင်းဖြစ်သည်။ သို့မှသာလျင် ဆရာများ အကောင်းဆုံးလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်သည်။ သို့ငြား ဖင်လန်နိုင်ငံတွင် ဆရာတစ်ယောက်ဖြစ်ဖို့ မလွယ်ပါ။ မဟာဘွဲ့ရမှ ကျောင်းဆရာကို လျှောက်ထားခွင့်ရှိသည်။ ထိုတွင် ၁၀၀ မှာ ၁၀ ယောက်လောက်သာ အလုပ်ရကြသည်။ ဖင်လန်မှာ ကျောင်းဆရာတစ်ယောက်ဖြစ်ပါက သိပ်ဂုဏ်ယူစရာ ကောင်းသည်။

အလယ်တန်းအဆင့်ရောက်လာလျှင် စနစ်တကျတည်ဆောက်ထားသော ဘောင်တစ်ခုထဲဝင်ပြီ ဆိုသော်ငြား တယောက်ချင်း၏ ဖွံ့ဖြိုးမှုအပေါ်မူတည်နေသေးသည်။ သင်ယူမှုသည် လုံးဝလှုပ်ရှားနေပြီး စားပွဲပေါ်တွင် အကြားကြီးထိုင်ပြီး စာရေး စာကူးလုပ်နေတာမျိုးမဟုတ်။

ကလေးတို့က သိလိုစိတ်ပြင်းပြနေလျင် ကြောက်စိတ်ကင်းနေလျင် ထီထွင်စမ်းသပ်ချင်နေလျင် မှားခွင့်ရနေသည်ဆိုလျင် အကောင်းဆုံးသင်ယူမှုဖြစ်နေပြီ ဖြစ်သည်။ စိတ်ဖိစီးနေသည့် ကျောင်းသားလည်း စာတကယ်မသင်ကြားနိုင်သလို စိတ်ဖိစီးနေသည့် ကျောင်းဆရာကလည်း စာကောင်းကောင်းမသင်ကြားပေးနိုင်ပါ။ Linda ဆိုသည့် အမျိုးသမီးတယောက်က ကျမတို့ဆီမှာတော့ မဖြစ်နိုင်ပါဘူးဆိုသည်။ သြစတေးလျတွင်လည်း ဆရာ ဆရာမအတွက် အခန်းများများပေးပြီး စမ်းသပ်တီထွင်ခွင့်ပေးနိုင်လျင်ကောင်းမည်ဟု ဆိုသည်။ ကွန်ပျူတာကို အားပြုသင်ခြင်း၊ စာမေးပွဲစစ်ခြင်းအစား ကစားရင်း လှုပ်ရှားရင်း သင်ကြားသင့်ဟုတော့ အကြံပေးလိုက်သည်။ ဖင်လန်တွင် ကစားနည်းကို အားပြု၍ စာသင်ကြားကြသည်။ ထိုအတွက်လည်း စာအုပ်များ ရေးသားထုတ်ဝေကြသည်။ ကွန်ပျူတာနှင့် စက်ပစ္စည်းတို့သည် အသုံးဝင်သည်မှန်သော်လည်း လူတို့၏ ဆပွားဖန်တီးခြင်းကို ဖန်တီးနိုင်စွမ်းမရှိကြ။ ကလေးကို စက်ရုပ်လို သဘောထားကြသည့် ပညာရေးကို သူတို့မလိုလားကြပါ။ စံတစ်ခုသတ်မှတ်ပြီး စာမေးပွဲစစ်တဲ့ စနစ်ကိုလည်း သူတို့မကြိုက်ကြပေ။

အနာဂတ်တွင်တော့ တကယ့်သင်ယူလိုသူသာလျင် တကယ်တတ်မြောက်ပြီး တကယ်အသုံးဝင်သောလူ ဖြစ်လာပါလိမ့်မည်။

 

Source: Sir Bo Bo Lwin Facebook