သမိုင်းအကျဉ်း

၁၃၆၂ – ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁၁) ရက်၊ ညဉ့်သန်းခေါင် (၂) နာရီအချိန်တွင် နောင်တောင်းတကာများ ကိုးကွယ်သည့် မူလကျောင်းတော်ကြီးကို မီးခခဲ့သည်။ ထိုအခါ ယခုလက်ရှိ ကျောင်းထိုင် ဆရာတော် ဖြစ်သော ဘဒ္ဒန္တရာဇိန္ဒာသိရီ (သာသနဓဇ ဓမ္မာစရိယ) မှ ယခင် နောင်တောင်း ဆရာတော်ကြီး ဖြစ်သည့် ဘဒ္ဒန္တနန္ဒဝံသ ရည်ရွယ်ခဲ့သည့်အတိုင်း ရွာ၏ အရှေ့တောင်အရပ်၊ သဲတောင်ကုန်းပေါ်ရှိ ရွာဦးစေတီတော်ရင်းတွင် ကျောင်းတိုက် သစ်ကို ၁၃၆၂-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ယခင်ဆရာတော်မှလည်း ဤနေရာသည် သာသနာစည်ပင် ပြန့်ပွားရာ ဖြစ်သည်ဟု မိန့်ကြားတော်မူထားခဲ့ပြီး ကိုယ်တော်တိုင်လည်း သီတင်းသုံး နေထိုင်တော်မူကာ လမ်းညွန်ခဲ့သည်။ သာသနဘူမိနက်သန် ဖြစ်သည် ဟူသော ယခင်ဆရာတော်၏ သြဝါဒကို ခံယူကာ ယခုဆရာတော်မှ ကျောင်းနေရာသစ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်မတိုင်ခင် ဆယ်နှစ်အလွန် ၁၃၅၂ – ခုနှစ်၊ တပေါင်းလ အချိန်တွင် နိုင်ငံတော်သံဃနာယက မြင်းခြံကိုးဆောင်တိုက် ဆရာတော်မှလည်း ဟိုပုံးမြို့သို့ ကြွရောက်ကာ မွေတော်ကျောင်းတိုက်၌ ဟိုပုံးဆရာတော်ကြီးများအား ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဟိုပုံးမြို့တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လိုအပ်နေကြောင်း မိန့်ကြားခဲ့ဖူးသည်။ ထို့အတူ ၁၃၆ဝ – ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၆) ရက်၊ (၉-၁၂-၁၉၉၈) နေ့တွင် မြို့နယ် သံဃနာယက ဆရာတော်များနှင့် ပအိုဝ်းစာပေ ပြန့်ပွားရေး လပတ် အစည်းအဝေးတွင် ဟိုပုံးမြို့နယ်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့နှင့်အညီ ဆရာတော်မှ ဦးဆောင်၍ နောင်တောင်းကျောင်းဒါယကာ၊ ဒါယိကာမများနှင့် အတူ စေတနာရှင်များ စုပေါင်းပြီး ၁၃၆၂- ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၄) ရက်၊ သောကြာနေ့၊ နေ့လည် (၁၂းဝဝ) နာရီအချိန်တွင် ကျောင်းတိုက်သစ်ကို စတင်ထူထောင်ခဲ့သည်။

၁၃၆၃-ခုနှစ်၊ ပထမဝါဆိုလဆန်း (၁၄) ရက်နေ့တွင် ရဟန်းတော် (၃) ပါး၊ သာမဏေ (၂၇) ပါးဖြင့် ဝါဆိုတော်မူနိုင်ခဲ့သော်လည်း ၁၃၆၅-ခုနှစ် (၂ဝဝ၃/၂ဝဝ၄ ပညာသင်နှစ်)  မှသာ ကိုရင် (၅ဝ) ပါးဖြင့် ပရိယတ္တိနှင့် ဘ/က ပညာရေးကျောင်းကို မူလတန်း အဆင့်ဖြင့် စတင်ခဲ့သည်။ ၁၃၆၇- ခုနှစ် (၂ဝဝ၅/၂ဝဝ၆ ပညာသင်နှစ်) တွင် မူကြိုကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၎င်းနှစ်တွင်ပင် “ဦးနန္တာဟိန်” စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၃၆၈ – ခုနှစ်တွင် အခြေခံကွန်ပျူတာ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ (၂ဝဝ၆/၂ဝဝ၇ ပညာသင်နှစ်)  တွင် မူလွန်အဆင့်ကို တိုးမြှင့်ခဲ့သည်။ (၂ဝ၁ဝ/၂ဝ၁၁ ပညာသင်နှစ်) တွင် အလယ်တန်းအဆင့်ကို လက်ခံသင်ကြား ပေးခဲ့သည်။

၎င်းနှစ်ထဲတွင် ဒေသတွင်းရှိ အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ကို မသင်ကြားနိုင်သော အမျိုးသမီးငယ်များ အတွက်လည်း ဆရာတော်မှ ၁၃၇၂-ခုနှစ်၊ နယုန်လတွင် သီးသန့်ဥယျာဉ်မြေတွင် အလျား (၁ဝဝ) ပေ၊ အနံ (၃၃) ပေရှိ နှစ်ထပ် အမျိုးသမီးဆောင်ကို ဆောက်လုပ်ကာ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အမျိုးသမီးငယ်များကို လက်ခံခဲ့သည်။ ၁၃၇၃ -ခုနှစ် (၂ဝ၁၁/၂ဝ၁၂) ပညာသင်နှစ်တွင် နဝမတန်း အပြင်ဖြေနှင့် ဆယ်တန်းနှစ်သစ်ကို ဟိုပုံး အ.ထ.က သို့ပို့ပြီး ဆယ်တန်းအပြင်ဖြေများကိုလည်း လက်ခံခဲ့၍ ကျောင်း၌ သင်ကြားပေးသည်။ တက္ကသိုလ်ဘွဲ့ရများကိုလည်း ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် အခြားလူမှုဖွံ့ဖြိုးရေး သင်တန်းများကိုလည်း သင်ကြားပေးလျှက် ရှိသည်။

 

နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရည်ရွယ်ချက် (၅) ရပ်

၁။ ဆင်းရဲချမ်းသာ မရွေး၊ လူမျိုးမရွေး၊ အရေး၊ အဖတ်၊ အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်ရန်။

၂။ ပညာသင်ကြားရာ၌ စရိတ်သက်သာပြီး လွယ်ကူမှု ရှိစေရန်။

၃။ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ အများအကျိုး၊ နိုင်ငံအကျိုး၊ သယ်ပိုးလိုသည့် သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။

၄။ မိမိယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်ရန်။

၅။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်။

 

နောင်တောင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ တည်နေရာမှာ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဟိုပုံး-မိုင်းပျဉ်းလမ်းမပေါ်တွင် တည်ရှိသည်။