၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါ၀င်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေကအောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံတကာက ကျောင်းပေါင်း ၂၅ ကျောင်း (ထိပ်တန်း ၁၀ ကျောင်းအပါအဝင်) ကို သူတို့ လေ့လာခဲ့ကြတယ်။ သူတို့ကောက်ချက်ချတဲ့ ကျောင်းပညာရေးစနစ် အောင်မြင်ဖို့ အဓိကသုံးချက်ထဲမှာ ထိပ်တန်းကပါ၀င်တဲ့အချက်ကတော့ အရည်အချင်းပြည့်စုံပြီး လူမှန်နေရာမှန်ဖြစ်တဲ့ ဆရာ ဆရာမတွေရအောင် လုပ်ရမယ်ဆိုတာပါပဲ ။

ကျမတို့မြန်မာလူမျိုးတွေမှာ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဆိုပြီး ဆရာကို သုံးမျိုးခွဲ ပြောလေ့ရှိကြတယ်။ ဒါ့အပြင် ကိုယ်ရိုသေတဲ့လူ ၊ ကိုယ့်ထက် ရာထူးအာဏာမြင့်သူတွေကို ဆရာလို့ ခေါ်လေ့ရှိကြတယ် ။ ဆိုက်ကားဆရာ ၊ မြင်းလှည်းဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ .. စတဲ့ ဂုဏ်ပုဒ်တွေမှာလည်း ဆရာဆိုတဲ့စကားလုံးနှစ်လုံးကို ထည့်သွင်းခေါ်ဆိုကြတယ် ။

စာသင်ခန်းထဲက ဆရာ ဆရာမတွေကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆရာအဖြစ်သတ်မှတ်ကြမလဲ။ ပတ်ဝန်းကျင်က ဘယ်လိုသတ်မှတ်တာကို ခံချင်ကြပါသလဲ။

ကျမ ခြောက်တန်းတုန်းက သင်္ချာသင်တဲ့ဆရာမတယောက်ရှိခဲ့တယ်။ သူဘယ်လိုစာသင်လဲဆိုတာ ကျမမမှတ်မိတော့ဖူး။ သူစစ်တဲ့လစဉ်စာမေးပွဲမှာ အမှတ် ၁၀၀ မရသူတိုင်းကို ကြိမ်လုံးနဲ့ လက်ဝါးမှာ တယောက်တချက်ရိုက်တာကိုပဲ မှတ်မိနေတယ်။ ခုချိန်ပြန်စဉ်းစားမိတိုင်း သူဘာလို့ အဲလိုလုပ်တာလဲဆိုတာ နားမလည်နိုင်အောင်ပဲ။ ကျမတို့ကို စာကြိုးစားအောင် လုပ်တာလား ၊ ကျောင်းသားတိုင်း အမှတ် ၁၀၀ မရရင် သူနာမည်ပျက်မှာစိုးရိမ်လို့လား ။

အင်တာနက်ပေါ်မှာ လူငယ်တယောက်ရဲ့မှတ်ချက်ကို တွေ့ဖူးတယ် — မြန်မာနိုင်ငံက ဆရာ ဆရာမတွေက ကမ္ဘာပေါ်မှာ အရိုက်အကြမ်းဆုံး အာဏာအသုံးပြုဆုံး ဆရာ ဆရာမတွေထဲ ပါ၀င်နိုင်တယ်တဲ့။

တကယ်တော့ မြန်မာပြည်မှာ စေတနာနဲ့သင်ကြားပေးတဲ့ ဆရာ ဆရာမတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ်။ နောက်ပြီး အာဏာသုံးတဲ့ ဆရာ ဆရာမဆိုတာ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဖူး ၊ နိုင်ငံတိုင်းမှာ ရှိတတ်ကြပါတယ် ။

ကျမစင်္ကာပူမှာ အလယ်တန်းအဆင့် (၇ တန်းနဲ့အညီ) ကျောင်းတက်တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမတယောက်ဆို စာသင်ကောင်းပေမယ့် အရမ်းစိတ်တိုတတ်ပါတယ်။ အင်္ဂလိပ်စာ စာစီစာကုံးအမှတ်ခြစ်တဲ့အခါ သူညံ့တယ်သတ်မှတ်တဲ့ မကြိုးစားပဲရေးထားတယ်လို့ထင်တဲ့ ကျောင်းသားတွေရဲ့စာအုပ်တွေကို အတန်းအပြင်ကို လွှင့်ပစ်လေ့ရှိတယ်။ အဲဒီဆရာမဟာ စာသင်ကောင်းပေမယ့် သူ့အတန်းချိန်ဆို ကြောက်နေရတာနဲ့ပဲ စာကိုသေချာမသိလိုက်တာတွေ အများကြီးပါ။

ဘယ်လို ဆရာ ဆရာမဖြစ်မယ်ဆိုတာ တကယ်တော့ ကိုယ်တိုင်က ဆုံးဖြတ်တယ်ဆိုတာ ကျမကိုယ်တိုင် ဆရာမဖြစ်လာတော့မှ သိလိုက်ရပါတယ်။

စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) တခုမှာ ကျမ စာသင်တဲ့အခါ စာသင်နှစ်ကုန်တဲ့အခါတိုင်း ကျမသင်တဲ့ဘာသာရပ်နဲ့ ၊ ကျမစာသင်တဲ့ပုံစံအပေါ် ကျောင်းသားတွေက (ကျောင်းကို) မှတ်ချက်ပေးရပါတယ်။ အဲလိုစနစ်က ကျောင်းသားတွေအမည်ဖော်ပြခြင်းမရှိဘဲ ဆရာတယောက်ဟာ ဘာတွေလိုအပ်တယ် ဘာတွေကောင်းမွန်တယ်ဆိုတာသိရအောင် လုပ်တာမျိုးပါ။ အဲဒီအခါတိုင်းမှာ သူတို့အများဆုံးပြောလေ့ရှိတာ ကျမက စိတ်ရှည်တယ် ၊ ကျောင်းသားတွေဘာပြောပြော သေချာနားထောင်ပြီး သူတို့အဖြေကို လစ်လျူမရှုဘဲ သေချာပြန်ဆွေးနွေးတယ်၊ သူတို့ကို ပိုစဉ်းစားတတ်လာအောင် မေးခွန်းတွေ ပြန်မေးတတ်တယ်၊ တချိန်တည်းမှာ သူတို့အပေါ် တင်းကျပ်သင့်တဲ့အခါလည်း တင်းကျပ်တယ် ဆိုတာပါပဲ။

ဆရာမဖြစ်လာတဲ့အချိန်ကစပြီး ကျမမှာ ခံယူချက် နှစ်ချက်ရှိပါတယ် .. ပထမအချက်ကတော့ ကျောင်းခန်းထဲဝင်တဲ့အခါတိုင်း ကျမသာ အဲဒီအခန်းထဲကကျောင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုသင်ကြားမှုမျိုးကို သဘောကျတန်ဖိုးထားမလဲဆိုတာ အမြဲစဉ်းစားလေ့ရှိပါတယ် ။ ဒုတိယအချက်ကတော့ အမေရိကန်ပညာရှင် William Arthur Ward ပြောခဲ့တဲ့အတိုင်း – – “The mediocre teacher tells. The good teacher explains. The superior teacher demonstrates. The great teacher inspires.” သာမန်ဆရာက (ပြောရုံ) ပြောပြတယ် ၊ ဆရာကောင်းတယောက်က ရှင်းပြတယ် ၊ ပိုကောင်းတဲ့ဆရာကတော့ လက်တွေ့သရုပ်ပြတယ် ၊ အကောင်းဆုံးဆရာကတော့ (ကျောင်းသားတွေအတွက်) စိတ်အားထက်သန်မှုတွေကို ပေးနိုင်တယ်။ ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အားထက်သန်မှုပေးနိင်တဲ့ဆရာမမျိုး ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမြဲစာသင်ပါတယ်။

“Teachers are the most important in a classroom” စာသင်ခန်းထဲမှာ အရေးကြီးဆုံးက ဆရာ ဆရာမတွေပဲလို့ မြင်မိပါတယ်။ သင်ရိုးညွန်းတမ်းတွေ သင်ထောက်ကူပစ္စည်းတွေ သင်ကြားနည်းစနစ် စတာတွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတွေကဖြစ်စေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်ပေမယ့် တကယ်တမ်းလက်တွေ့မှာ အဲဒါတွေကို ဘယ်လောက်ထိထိရောက်ရောက် အသုံးချနိုင်မလဲဆိုတာကတော့ စာသင်ခန်းတွေထဲမှာ နေ့စဉ်သင်ကြားနေတဲ့ ဆရာ ဆရာမတွေအပေါ် လုံးဝမူတည်ပါတယ်။

မကြာသေးခင် ကျမမြန်မာပြည်ရောက်တုန်း ၊ ရန်ကုန်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတချို့က ဆရာ ဆရာမတွေနဲ့ တွေ့ဖြစ်ခဲ့တယ်။ သူတို့ကျောင်းမှာ ယူအန် (UN) ကထောက်ပံ့ထားတဲ့စာအုပ်စာတန်းတွေကို ထုတ်ပြကြတယ်။ ယူအန်ကလုပ်တဲ့ သင်တန်းတွေမှာ သူတို့တက်ဖူးတဲ့အကြောင်း ပြောပြကြတယ်။ သူတို့နဲ့စကားပြောရင်း သတိထားမိတာကတော့ သင်တန်းတက်ခဲ့တာချင်းအတူတူ ၊ စာအုပ်စာတန်းရတာချင်းအတူတူဖြစ်ပေမယ့် တချို့ဆရာ ဆရာမတွေက တန်ဖိုးထားတတ်ပြီး သူတို့အတန်းထဲမှာ ပြန်အသုံးချတတ်ကြတယ်။ တချို့တွေကတော့ ပြန်အသုံးမချကြဖူး။

ဒါ့အပြင် နိုင်ငံတကာပညာရေးသုတေသီတွေ တွေ့ရှိကြတာကတော့ စာသင်ခန်းထဲမှာ ကျောင်းသားတယောက်ရဲ့စာသင်ယူမှုအပေါ် ဆရာ ဆရာမတွေက အများကြီးသက်ရောက်မှုရှိတယ် ဆိုတာပါပဲ။ ဥပမာ — ကိုယ့်ကိုနားလည်တယ်လို့ထင်တဲ့ ဆရာ့အချိန်ဆို ဘာသာရပ်ကိုမကြိုက်ရင်တောင် ကြိုးစားအားထုတ်တတ်တာမျိုး ၊ စာသင်ကောင်းတဲ့ဆရာကြောင့် စာတော်တဲ့ကျောင်းသားတယောက်ဟာ အဲဒီဘာသာရပ်မှာ ပို နားလည်သွားတာမျိုး ။

“Being adaptable to changes” ပြင်သစ်စာရေးဆရာတယောက်က “The only thing constant in life is change” – ဘဝမှာ မပြောင်းလဲတဲ့အရာတခုကတော့ ပြောင်းလဲခြင်းပဲ … လို့ ပြောခဲ့ပါတယ်။

သူပြောခဲ့သလို ကျမတို့ဆရာ ဆရာမတွေဟာ ခုခေတ်ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ကြားမှုမျိုးနဲ့ သင်ကြားသင့်ပါတယ်။ ခုခေတ်ကျောင်းသားတွေဟာ ကျမတို့ကျောင်းသားဘဝတုန်းကနဲ့ မတူတော့တာကို နားလည်ကြရပါမယ်။ သူတို့သင်ယူနည်းတွေ ၊ စိတ်ဓါတ်တွေ ၊ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ ၊ ကမ္ဘာကြီးမှာ ပြောင်းလဲနေတာတွေ .. ဒါတွေအကုန်လုံးနဲ့ လိုက်လျော်ညီထွေဖြစ်တဲ့ သင်ကြားနည်းစနစ်အသစ်တွေ အတွေးအခေါ်သစ်တွေကို ပြောင်းလဲလက်ခံတတ်ဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့့သားသမီးတွေအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေကို သင်ကြားနည်းစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ကျမသင်တန်းပေးခဲ့တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်။ တက်ရောက်ကြတဲ့အထဲမှာ အရွယ်အမျိုးမျိုး ဆရာ ဆရာမတွေ ပါ၀င်ကြပါတယ်။ တော်တော်များများက အားတက်သရောပဲ ကျမတင်ပြတဲ့သင်ကြားနည်းစနစ်သစ်ကို လေ့လာပြီး သူတို့အမြင်တွေကိုလည်း ဆွေးနွေးကြတယ်။ အဖွဲ့တွေဖွဲ့ပြီး presentation လုပ်ခိုင်းတဲ့အခါ ဆရာမတယောက်က အတန်းရှေ့ထွက်ပြီး သူ့အဖွဲ့ကိုယ်စားတင်ပြတယ် ။ “ဆရာမပြောတာ နားလည်ကြလား” လို့ အထပ်ထပ်ပြောပြီး ဆရာမလေသံအပြည့်နဲ့ ရှင်းပြတာမျိုးဖြစ်နေတော့ ၊ အခန်းထဲမှာနားထောင်နေတဲ့ တခြား ဆရာ ဆရာမတွေက ပြုံးစိစိဖြစ်ကုန်ကြတယ်။ “နားလည်ပါတယ် ဆရာမ” လို့ နောက်သလိုလိုနဲ့ ပြန်ပြောကြတယ်။ သူ့ကို မေးခွန်းပြန်ထုတ်တော့လည်း မေးခွန်းထုတ်တာများလာတော့ စိတ်မရှည်သလို ဖြစ်လာတယ်။ အဲဒီဆရာမကတော့ သူ့ပုံစံဘယ်လိုဖြစ်တယ်ဆိုတာ သိလိုက်ပုံမရဘူး။ စာသင်ခန်းထဲမှာ သူလုပ်နေကြပုံစံအတိုင်း ခေါက်ရိုးကျိုးလွန်းနေတယ်။ ကျမကတော့ သူ့ကိုကြည့်ရင်း ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတဲ့ “ငါပြောတာမှ အမှန်.. ပြန် မေးခွန်းမထုတ်နဲ့” ဆိုတဲ့ စတိုင်မျိုးသုံးကြတဲ့ ဆရာမတချို့ကို သတိရမိတယ်။

“The benefit of questioning” အတန်းထဲမှာ ကျောင်းသားတွေကို ကျမကအရမ်းမေးခွန်းထုတ်လေ့ရှိတယ်။ သူတို့ကိုလည်း ကျမကိုဖြစ်စေ ၊ သူတို့အချင်းချင်းဖြစ်စေ ၊ ကိုယ့်အတွေးထဲပဲဖြစ်စေ သင်ယူနေတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးဖို့ အားပေးတယ်။ တခါတလေ သူတို့မေးခွန်းမေးလာရင် ချက်ချင်းအဖြေမပေးဘဲ သူတို့ကို လမ်းစဖွင့်ပေးတဲ့သဘောမျိုးနဲ့ သူတို့တွေးနိုင်မယ့်အဖြေမျိုးထွက်မယ့် မေးခွန်းမျိုးကို ပြန်မေးလေ့ရှိတယ်။

မေးခွန်းမေးတယ်ဆိုတာလည်း ကျောင်းသားက ဆရာကိုမေး ဆရာကပြန်ဖြေ.. အဲလို တလမ်းသွားမဖြစ်သင့်ပါဖူး။ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေရှာဖို့စဉ်းစားတာမျိုးကို အားပေးသင့်တယ်။ အထူးသဖြင့် WHY (ဘာကြောင့်လဲ) ဆိုတဲ့မေးခွန်းကို အမြဲစဉ်းစားမိတတ်အောင်။

ကျောင်းသားတွေမေးခွန်းမေးလာတာကို တချို့မြန်မာဆရာ ဆရာမတွေ မကြိုက်ကြတာ အဖြေကို သူတို့မသိမှာစိုးရိမ်လို့၊ မေးခွန်းကိုဖြေနိုင်ဖို့ စာထပ်မဖတ်ချင်လို့၊ အချိန်ကုန်တယ်ထင်လို့၊ မေးခွန်းမေးခြင်းရဲ့အကျိုးအမြတ်ကို နားမလည်လို့ မယုံကြည်လို့ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျမအတွေ့အကြုံအရပြောရရင် ကျောင်းသားတွေ မေးခွန်းမေးတဲ့အခါ သူတို့ရော ဆရာတွေပါ တိုးတက်မှုရကြပါတယ်– ကျောင်းသားတွေမေးခွန်းကြောင့် ဆရာတွေဟာ ကိုယ်မတွေးဖြစ်တဲ့ရှုထောင့်ကနေ တွေးဖြစ်သွားတယ်၊ ကိုယ်သိထားတာတွေအပေါ် ထပ်ဆင့်တွေးမိသွားတာမျိုး၊ ဒါတော့ ငါမသိသေးပါလား ငါမပိုင်သေးပါလားဆိုတာမျိုး သဘောပေါက်လာနိုင်တယ်။ ကျောင်းသားတွေအတွက်လည်း စူးစမ်းတွေးခေါ်တတ်ပြီး မေးခွန်းထုတ်တတ်တဲ့အကျင့်ရသွားမယ်၊ ဆရာက သူတို့ကို တန်ပြန်မေးခွန်းထုတ်တာအပေါ် ထပ်ဆင့်တွေးပြီး သင်ခန်းစာအပေါ် နားလည်မှုပိုရှိသွားမယ်၊ ဒီသင်ခန်းစာဟာ တခြားအရာတွေနဲ့လည်း ဘယ်လိုဆက်စပ်နိုင်တယ်ဆိုတာမျိုး တွေးမိသွားမယ်။

မေးခွန်းမေးတဲ့အကျင့်ဟာ ကျမတို့မြန်မာနိုင်ငံရဲ့စာသင်ခန်းတွေထဲမှာ မရှိသလို ၊ ဆရာတွေနဲ့ ၊ လက်ရှိပညာရေးစနစ်ကပါ အားမပေးတာတွေ့ရတယ်။ တကယ်တော့ ဆရာနဲ့ကျောင်းသားကြား အပြန်အလှန်မေးခွန်ထုတ်တတ်တဲ့ အလေ့အကျင့်မျိုး ကျမတို့နို်င်ငံရဲ့ စာသင်ခန်းတွေထဲမှာ အမြန်ဆုံးမိတ်ဆက်ပေးဖို့ လိုအပ်နေပါတယ်။

နောက်ပြီး ကျောင်းသားတွေ မေးခွန်းကို ဖြေတာပဲဖြစ်ဖြစ် ၊ သူတို့ကိုလမ်းပြဖို့အတွက် တန်ပြန်မေးခွန်းမေးတာပဲဖြစ်ဖြစ် .. အဲလိုတွေလုပ်နိုင်အောင် ဆရာ ဆရာမတွေအနေနဲ့ ကိုယ်တိုင်က အမြဲလေ့လာသင်ယူနေရမယ်။

“Being lifelong learners” အမေရိကန်နိင်ငံက ကျောင်းတွေအကြောင်းရေးသားတဲ့ အင်တာနက်စာမျက်နှာတခုမှာ ၂၁ ရာစုရဲ့ ဆရာ ဆရာမတွေ ထိရောက်စွာစာသင်ကြားနိုင်ဖို့ ရှိသင့်တဲ့ အချက် ၅ ချက်ထဲက တစ်ချက်ကတော့ ဘဝတလျှောက်လုံးလေ့လာနေရမယ်။

လေ့လာသင်ယူခြင်းနဲ့ပတ်သက်ပြီး နာမည်ကျော်အမေရိကန်စာကြည့်တိုက်မှူး John Cotton Dana ပြောခဲ့တာလေးကို ကြိုက်မိတယ် — “Who dares to teach must never cease to learn” — စာသင်မယ့်သူဟာ အမြဲတမ်းလေ့လာနေရမယ်။

အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ ကိုယ်သင်ခဲ့ရတာတွေက တချိန်မဟုတ် တချိန်မှာ ခေတ်နောက်ကျသွားမှာ မလုံလောက်တော့မှာ မလွဲဧကန်ပါ။ ဒါကြောင့် ဆရာ ဆရာမတွေကလည်း ခေတ်နဲ့အညီလိုက်ပြီး ကျောင်းသားတွေကို သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်ကအမြဲလေ့လာနေဖို့ လိုအပ်ပါတယ်။ လေ့လာလိုစိတ် ၊ လေ့လာတာကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါတယ်။

“The mindset of teachers” လူတယောက်မှာ သူ့ရဲ့စိတ်နေစိတ်ထားက အဓိကကျတယ်လို့ ကျမထင်တယ်။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေပြောပြော နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ်လုပ်တတ်တာ လူ့သဘာဝပါ။ ကျောင်းသားတွေကို ဆရာတွေက ဆုံးမ လမ်းညွှန်တာပဲ လုပ်နိုင်ပါတယ်။ တကယ့်ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေကိုယ်တိုင်ပဲ ချရမှာပါ။

အလားတူ ဆရာ ဆရာမတွေကို သင်တန်းတွေမှာ စာသင်နည်းအသစ်တွေအကြောင်း ၊ သင်ထောက်ကူပစ္စည်းအသစ်တွေအကြောင်း ၊ ခေတ်နဲ့ညီတဲ့ ကျောင်းသုံးပြဌာန်းစာအုပ်တွေအကြောင်း .. စတာတွေ သင်တန်းပေးနိုင်ပေမယ့် တကယ်လက်တွေ့သုံးတယ် မသုံးဘူးဆိုတာကတော့ ဆရာတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ လုံးလုံးလျားလားမူတည်နေပါတယ်။

ကျမစာသင်ခဲ့တဲ့ ပေါ်လီတက္ကနစ်မှာ နှစ်စဉ်နှစ်တိုင်း ဆရာ ဆရာမတွေဟာ သင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ဆွေးနွေးပွဲတွေကို မတက်မနေ တက်ရပါတယ်။ အဲဒီအခါ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တချို့က စာသင်တယ်ဆိုတာ ကိုယ်တတ်ထားတာကို ပြန်ရှင်းပြလိုက်ရုံပဲ .. သင်ကြားနည်းစနစ်တွှေအကြောင်း ဆွေးနွေးတာတို့ သင်ယူလေ့လာဖို့မလိုဘူးလို့ စိတ်ထဲခံယူထားကြပါတယ်။ သူတို့ အဲလို သင်တန်းတွေကို မတက်မနေရမို့သာ သွားတက်ကြပေမယ့် ဘာကိုမှလေ့လာတာမျိုး၊ ပြီးတော့ ပြန်အသုံးချတာမျိုး မလုပ်ကြပါဖူး။ တချို့ဆရာတွေက သူတို့ဘာသာရပ်ကို ပိုင်နိုင်ကြတဲ့အတွက် စာကိုသေချာရှင်းပြနိုင်ကြပါတယ်။ ဒါပေမယ့် ဒါနဲ့တင်မလုံလောက်ပါဖူး။ သင်ကြားနည်းမှာပါကျွမ်းကျင်မှသာ ကျောင်းသားတွေက စိတ်ဝင်တစားဖြစ်ပြီး ပိုပြီးလေ့လာသင်ယူကြမှာ ဖြစ်ပါတယ်။

ခုခေတ်ကြီးမှာ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာပါတဲ့ အချက်အလက်ကြွယ်ဝတာနဲ့ မလုံလောက်တော့ပါဖူး။ တကယ့်လက်တွေ့မှာ အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမလဲ၊ အဲဒါတွေသုံးပြီး တခြားအရာတွေနဲ့ ဘယ်လိုဆက်စပ် တွေးခေါ်လေ့လာမလဲ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘယ်လိုတွေးခေါ်နိုင်သလဲဆိုတာတွေက အရေးကြီးလာပါတယ်။ ကျောင်းသားတယောက်ကို ဘက်ပေါင်းစုံပညာရေးမျိုး (holistic education) ပေးဖို့ လိုအပ်လာပါပြီ။

“How teachers see the purpose of education” ဆရာ ဆရာမတွေ အလေးအနက်စဉ်းစားသင့်တာကတော့ ကျောင်းသားတွေကို သူတို့အတန်းတွေထဲမှာ ဘယ်လိုပညာရေးမျိုးပေးမလဲ ဆိုတာပါပဲ။

အမေရိကန်နိုင်ငံရှိ University of Mississippi ရဲ့ ပညာရေးဌာနမှာ စာသင်ကြားနေတဲ့ Assistant Professor Randall V. Bass ပညာရေးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ခုလိုပြောကြားထားပါတယ် …. “ပညာရေးဆိုတာ စာသင်ခန်းတွေထဲမှာလေ့လာသင်ယူတာကိုသာ ဆိုလိုတာမဟုတ်ပါဖူး၊ စတင်မှတ်သားတတ်တဲ့ ကလေးဘဝအရွယ်ကနေ ဘဝတလျှောက်လုံးလေ့လာသင်ယူနေမှုကို ဆိုလိုတာပါ။ တကယ်တော့ စာသင်ခန်းတွေဆိုတာ ပညာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်ပါတယ်” ။

ဒါဟာ ပညာရေးအပေါ် မှန်ကန်တဲ့သုံးသပ်ချက်ပါ ။ ကျမကိုယ်တိုင်လည်း ကျောင်းမှာသင်ယူခဲ့ရတာတွေပေါ်အခြေခံပြီး ကိုယ့်ဘာသာလေ့လာခဲ့ရတာတွေ ၊ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံက သင်ကြားပေးခဲ့တာတွေ အများကြီးပဲ။ ကျမသာ ကျောင်းမှာသင်ယူခဲ့ရတာလောက်နဲ့ပဲ ရပ်တန့်နေခဲ့မယ်ဆိုရင် ကျမဟာ ခုချိန်မှာ ပညာအရ ခေတ်နောက်မှာကျန်ခဲ့သူတယောက်ဖြစ်မှာ သေချာပါတယ်။ ဒါကြောင့်လည်း ကျမရဲ့ကျောင်းသားတွေကို အမြဲတန်း holistic education ပေးနိုင်ဖို့ ၊ သူတို့ကို ဘဝတလျှောက်လုံး အမြဲမပြတ်လေ့လာနိုင်သူတွေဖြစ်အောင် နည်းပေးလမ်းပြနိုင်ဖို့ ကြိုးစားပါတယ်။

“What kind of teacher do you want to be?”

A teacher affects eternity; he can never tell where his influence stops.  (Henry Adams) အပေါ်မှာ အမေရိကန် စာရေးဆရာနဲ့ ပညာရှင်ဖြစ်တဲ့ Henry Adams ပြောတဲ့အတိုင်း ပညာရေးစနစ်တိုင်းမှာ အရမ်းအရေးကြီးတဲ့နေရာမှာ ပါ၀င်နေရတဲ့ ကျမတို့လို ဆရာ ဆရာမတွေဟာ ငါ ဘယ်လိုဆရာဖြစ်ချင်သလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်နေ့တိုင်း စာသင်ခန်းထဲမှာ ကိုယ့်သင်ကြားမှုက ကျောင်းသားတွေအတွက် ဘယ်လောက်အကျိုးရှိလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ အားရကျေနပ်မိသလဲ … ပညာရေးဆိုတာကို ဘယ်လိုယုံကြည်တန်ဖိုးထားသလဲ … ဆရာတယောက်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ်တိုင်ပြန်လည်မေးခွန်းထုတ်ဖို့ လိုပါတယ်။

တကယ်တော့ ကျမတို့ ဆရာ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဥယျာဉ်မှူးတွေပါပဲ ။

Source: – ခင်နှင်းစိုး