ဆရာတယောက်ဟာ သူဘာသင်လဲဆိုတာထက် သူက ဘယ်လိုဆရာဖြစ်တယ်ဆိုတာ ပိုအရေးကြီးတယ် “What the teacher is, is more important than what he teaches.” ဆိုတဲ့ အမေရိကန်စိတ်ရောဂါအထူးကုပညာရှင် Karl Menninger ရဲ့စကားဟာ ဆရာတွေအတွက် တန်ဖိုးရှိတဲ့စကားတခွန်းပါပဲ ။

ကျမတို့မြန်မာတွေဟာ ဆရာတွေကို မိဘနဲ့တန်းတူ အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အဲလိုသတ်မှတ်ခံလိုက်ရတာနဲ့ ဆရာဆိုတာ ကျေးဇူးရှင်ဖြစ်သွားတယ်လို့ ကျမမထင်မိပါဖူး။ ဆရာကောင်းတယောက်ဖြစ်မှသာ အဲဒီဂုဏ်ထူးနဲ့ ထိုက်တန်တာပါ။

ဆရာကောင်းတယောက်ဖြစ်ဖို့ စာသင်ကောင်းတာအပြင် ကျမတို့ ဆရာ ဆရာမတွေ ဘယ်လိုစိတ်ဓါတ်မျိုး ရှိသင့်ပါသလဲ။

ကျမကို အင်ဂျင်နီယာအဖြစ်ကနေ ပေါ်လီတက္ကနစ် (polytechnic) မှာစာသင်ကြားဖို့ အဓိကတွန်းပို့ခဲ့တာကတော့ လူငယ်တွေကို ကိုယ်သိထားတာတွေ ဝေမျှပေးချင်တဲ့ဆန္ဒ၊ နောက်ပြီး အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အလုပ်ရှုပ်ရတာထက်၊ လူငယ်တွေကို ပြုစုပျိုးထောင်ပေးရတာကို ပိုနှစ်သက်မိတာရယ်ကြောင့်ပါ။

ဆရာစိတ်ဓါတ်ဆိုတာ စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာပါ၀င်တယ်လို့ ကျမတို့မြန်မာတွေပြောကြပါတယ်။ အဲဒီနာသုံးနာဟာ ဆရာတယောက်မှာရှိသင့်ရှိထိုက်တဲ့ အခြေခံတရားတွေဖြစ်ပြီး၊ လက်ဆုပ်လက်ကိုင်ပြဖို့ ခဲယဉ်းပါတယ်။

ဒါဆို ဆရာကောင်းတယောက်ရဲ့စိတ်ဓါတ်ကို ဘယ်လိုအပြုအမူတွေက ဖော်ညွန်းပါသလဲ။

ကျောင်းသားတွေရဲ့ သင်ယူမှုကို အမြဲစဉ်းစားပေးခြင်း စာသင်နှစ်ရဲ့ပထမဆုံးနေ့မှာ ကျောင်းသားတွေကို ကျမပြောလေ့ရှိတဲ့စကားကတော့ ကျမစာသင်ချိန်တိုင်းမှာ သူတို့တွေအကျိုးရှိရှိသင်ယူနိုင်စေချင်တာပါပဲ။

စာသင်ခန်းထဲမှာ ကျောင်းသားအမျိုးမျိုးရှိပါတယ်။ တချို့က စာသင်ခန်းထဲမှာသင်တာကို တထိုင်တည်း နားလည်သွားတတ်ကြတယ်၊ တချို့ကျတော့ အိမ်မှာပြန်ဖတ်၊ ပြန်မှတ်ပြီးမှ နားလည်တတ်တယ်၊ တချို့ကတော့ စာသင်ခန်းထဲမှာလည်း နားမလည်၊ အိမ်ပြန်ရောက်ရင်လည်း ပြန်ဖတ်ဖို့မကြိုးစား၊ အဲလိုနဲ့လုံးခြာလိုက်ပြီး စာမေးပွဲကျတာမျိုးထိ ဖြစ်တတ်ကြတယ်။

ကျောင်းသားအမျိုးမျိုးကို ထိရောက်စွာစာသင်ကြားနိုင်ဖို့၊ သူတို့နဲ့ပတ်သက်ပြီး နားလည်ရမယ့် အဓိကနှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက ကျောင်းသားတယောက်ရဲ့အတန်းပညာသင်ယူလိုစိတ် (academic motivation) ဖြစ်ပြီး၊ ဒုတိယအပိုင်းကတော့ အဲဒီကျောင်းသားဟာ ဘယ်လိုစာသင်ကြားနည်းမျိုးနဲ့ ကိုက်ညီသလဲ ဆိုတာပါပဲ။

ကျောင်းသားတွေရဲ့ အတန်းပညာသင်ယူလိုစိတ်ကို ကိုယ်ပိုင်စိတ်ဆန္ဒကြောင့်လိုချင်စိတ် (intrinsic motivation) နဲ့ ပြင်ပအကြောင်းအရာများကြောင့် လိုချင်စိတ် (extrinsic motivation) ဆိုပြီး ပညာရေးသုတေသီတွေက ခွဲခြားဆန်းစစ်ကြပါတယ်။

ကိုယ်ပိုင်စိတ်ဆန္ဒနဲ့စာသင်ယူလိုစိတ်ရှိတဲ့ကျောင်းသားဟာ သူသင်ယူနေတဲ့ဘာသာရပ်အပေါ် စိတ်ဝင်စားမှုရှိသလို၊ သင်ကြားရတာအတွက် ကျေနပ်ပျော်ရွှင်မှုရှိပါတယ်။ တချို့ကျောင်းသားတွေကတော့ ပြင်ပအကြောင်းအချက်တွေဖြစ်တဲ့ မိဘတွေတိုက်တွန်းမှု၊ ဒါမှမဟုတ် အတန်းပညာရှိရင် ဘဝတက်လမ်းရှိတယ်လို့ ယုံကြည်မှုကြောင့် စာသင်ယူကြပါတယ်။

ကျမတို့မြန်မာပြည်မှာ intrinsic motivation ရှိတဲ့ကျောင်းသားနည်းနိုင်ပါတယ်။ ကျောင်းသားအများစုဟာ တက္ကသိုလ်ဝင်တန်းကိုရွေးတဲ့အခါ အလုပ်ကောင်းရနိုင်တဲ့၊ မိဘတွေတိုက်တွန်းတဲ့၊ သူငယ်ချင်းတွေရွေးနေကြတဲ့ လိုင်းမျိုးကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒါတွေဟာ extrinsic motivation ကနေဖြစ်လာတဲ့လုပ်ရပ်တွေပါ။

စာသင်ယူတယ်ဆိုတာ စိတ်မပါဘူးဆိုရင်လုပ်ဖို့ခဲယဉ်းပါတယ်။ မြန်မာကျောင်းသားတွေ intrinsic motivation မရှိခဲ့ရင်တောင်၊ extrinsic motivation နဲ့ စိတ်ပါလာအောင် ဆရာတွေက အားပေးသင့်ပါတယ်။

ကျောင်းသားတိုင်းဟာ စာသင်ယူနည်းတွေ မတူကြပါဖူး။ ဥပမာ .. တချို့ကျောင်းသားတွေက ဆရာသင်ပေးတာကိုပဲ လိုက်မှတ် လိုက်ကျက် ပြန်ဖြေဆိုတာမျိုး ကြိုက်တယ်။ တချို့ကတော့ မေးခွန်းထုတ်ရတာကြိုက်တယ်။ တချို့ကတော့ activity သဘောမျိုးလေးတွေလုပ်ရတာကြိုက်တယ်၊ တချို့က ပုံများများပါတဲ့စာအုပ်တွေကနေသင်ယူရတာ ကြိုက်တယ်၊ တချို့ကစကားလုံးတွေများတာ ကြိုက်တယ်၊ တချို့က တယောက်တည်းသင်ယူရတာ ကြိုက်တယ်၊ တချို့ကအဖွဲ့လိုက်သူငယ်ချင်းတွေနဲ့ project တွေလုပ်ပြီး သင်ယူချင်တယ် စသဖြင့်။

အဲဒီတော့ ကိုယ့်အတန်းထဲမှာရှိမယ့် ကျောင်းသားတွေ ဘယ်လိုနည်းမျိုးနဲ့ စာသင်ယူရတာကြိုက်လဲဆိုတာ လေ့လာပြီး၊ သင့်တော်မယ့်နည်းလမ်းမျိုးတွေကိုသုံးရင် စာသင်ကြားရာမှာ ပိုထိရောက်ပါလိမ့်မယ်။

ကျောင်းသားတွေရဲ့အမြင်ကို အမြဲထည့်သွင်းစဉ်းစား လေးစားခြင်း

ကျမတို့မြန်မာစကားမှာ ဆရာ-တပည့်ဆိုတဲ့အသုံးအနှုံးဟာ ဆရာကအထက်၊ တပည့်ကအောက် ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်လို့ ကျမခံစားရပါတယ်။ ဥပမာကြည့်မယ်ဆိုရင် … ရုံးမှာအထက်အရာရှိကို အောက်လက်ငယ်သားတွေက ဆရာခေါ်ကြရတယ်၊ အလုပ်ပိုင်ရှင်တွေကို ဆရာခေါ်လေ့ရှိတယ်။

နောက်ပြီး တချို့ဆရာဆရာမတွေ “အော် သူက ငါ့တပည့်ဖြစ်ခဲ့တာ” လို့၊ ပြောခံရတဲ့လူတချို့ ပြန်ပြောလေ့ရှိတာက “သူငယ်တန်းတုန်းကပဲသင်ခဲ့ရတာပါ”။ အဲလိုစကားအသွားအပြန်မျိုးဟာ ဆရာ-တပည့်ဆိုတဲ့ အသုံးအနှုံးက မြန်မာစကားမှာအထက်နဲ့အောက်ကို ရည်ညွှန်းနေသလိုဖြစ်နေပါတယ်။

ဆရာပြောသမျှကို ကျောင်းသားကလက်ခံရတာမျိုး အပေါ်-အောက်အခြေအနေမျိုးကို နိုင်ငံတကာရဲ့ပညာရေးစနစ်မှာ လျော့နည်းအောင်လုပ်လာကြပါတယ် ။ ဒါဟာ ဆရာတွေအပေါ် ကျောင်းသားတွေကထားတဲ့ရိုသေမှုနဲ့ လုံးဝမသက်ဆိုင်ပါဖူး။ ဆရာတွေကပဲ ကျောင်းသားတွေကို တလမ်းသွားအနေနဲ့ပြောတာမလုပ်ဘဲ ၊ နှစ်ဦးနှစ်ဘက်အပြန်အလှန် ဆွေးနွေးကြတာမျိုးပါ။ ကျောင်းသားတွေက ဆရာတွေပြောတဲ့အချက်အလက်တွေကို ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုဖြစ်နိုင်ခြေရှိတယ် စသဖြင့် ဆွေးနွေးတာမျိုးဖြစ်ပါတယ်။

အဲဒီအခါ ဆရာတွေဘက်က သူတို့ရှုထောင့်သာအမှန်လို့ တထစ်ချပြောလို့မရပါဖူး။ ဆရာတွေဟာဘာသာရပ်တခုကိုသင်နိုင်တယ်ဆိုပေမယ့် ကိုယ်သိထားတဲ့ရှုထောင့်တွေ (perspectives) ကိုပဲသုံးပြီးသင်တာပါ။ ဘာသာရပ်တခုဟာ သိပ်ကျယ်ဝန်းတဲ့အတွက် အလုံးစုံအပိုင်းတွေကို ဆရာတွေသိဖို့ခဲ့ယဉ်းပါတယ်။ ကျောင်းသားတွေတင်ပြတဲ့အမြင်သစ်၊ ရှုထောင့်သစ်တွေကို ဆရာတွေက ကိုယ်သိထားတဲ့မူလအမြင်၊ ရှုထောင့်တွေနဲ့ဆွေးနွေးပြီး ၊ အဖြေတခုကိုအတူထုတ်တာမျိုး လုပ်သင့်ပါတယ်။

ကျောင်းသားတွေရဲ့အမြင်ကို ကိုယ်က လေးစားပြီး နားထောင်ဆွေးနွေးမှသာ၊ ကျောင်းသားတွေဘက်ကလည်း စိတ်ဝင်စားမှုရှိလာပြီး၊ ကြိုးစားချင်စိတ်၊ ကိုယ့်အပေါ်လေးစားစိတ် ပိုရှိလာနိုင်ပါမယ်။

ဆရာတွေနဲ့ကျောင်းသားတွေကြား အပြန်အလှန်လေးစားမှုရှိမယ်ဆိုရင် စာသင်ခန်းဆိုတာ အားလုံးအတွက် စိတ်လက်ပေါ့ပါးစွာ ပညာသင်ယူနိုင်တဲ့၊ သင်ကြားနိုင်တဲ့နေရာတခုဖြစ်လာမှာပါ။

တတ်ယောင်ကား မလုပ်ခြင်း

ဆရာတွေ အဓိကသတိထားရမယ့်အချက်ကတော့ ကျောင်းသားတွေကို မရည်ရွယ်ပဲ အလွဲအမှားတွေ မသင်ပေးဖို့ပါပဲ။

စင်္ကာပူနိုင်ငံက ကျမသင်တဲ့ပေါ်လီတက္ကနစ် (polytechnic) မှာ ကျောင်းသားတွေဟာ laptop ကိုယ်စီသုံးပြီး အင်တာနက်ပေါ်မှာ သူတို့သင်ယူတဲ့သင်ခန်းစာနဲ့ပတ်သက်ပြီး အချက်အလက်တွေ ရှာကြရပါတယ်။ သူတို့နားမလည်တဲ့အခါ ကျမကိုမေးလေ့ရှိပါတယ်။

အင်တာနက်ဆိုတာ တကယ်တော့ အလွန်ကျယ်ပြန့်ပြီး၊ အချက်အလက်တွေအများအပြား စုဝေးနေတဲ့နေရာဖြစ်နေတာကြောင့် သူတို့မေးတဲ့အချက်အလက်တိုင်းကို ကျမအကုန်မသိနိုင်ပါဖူး။ အချက်အလက်သစ်တွေကို စာပြန်ဖတ်ပြီးမှ ရှင်းပြနိုင်မယ်လို့ ကျမပြောရပါတယ်။

ကိုယ်မသေချာတာ၊ ကိုယ်မသိတာကို သေချာသယောင်၊ သိသယောင်နဲ့ အလွဲတွေမဖြေမိဖို့ ဆရာတိုင်းမှာ တာဝန်ရှိပါတယ်။ မသိရင် မသိဘူးလို့ ပြောရဲတဲ့သတ္တိရှိသင့်ပါတယ်။ တချိန်တည်းမှာ အချက်အလက်သစ်တွေကို ဒီအတိုင်းမထားဘဲ ပြန်ဖတ်ပြီး၊ ပြန်ရှင်းပြတာမျိုးလုပ်သင့်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ နာသုံးနာအပြင်၊ ဆရာတယောက်ဟာ စာဖတ်နာမှသာ ကျောင်းသားက ကိုယ့်စာသင်ကြားမှုအပေါ် ယုံကြည်မှုရှိမှာပါ။

နာမည်ကျော်ပြင်သစ်စာရေးဆရာ Joseph Joubert က “To teach is to learn twice” — စာသင်တာဟာ နှစ်ခါပြန်လေ့လာခြင်းပဲ လို့ပြောခဲ့ပါတယ်။ စာသင်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တာမဟုတ်ပါဖူး။ ဘာသာရပ်တခုကို ကျွမ်းကျင်တဲ့သူတိုင်း သူများကို ရှင်းရှင်းလင်းလင်းပြန်မသင်ကြားတတ်ပါဖူး။ ကိုယ်သင်တဲ့သူနားလည်အောင် ဘယ်လိုရှုထောင့်ကရှင်းပြရင် အရှင်းလင်းဆုံးဖြစ်မလဲဆိုတဲ့အချက်ကို ဆရာတွေအမြဲထည့်သွင်းစဉ်းစားသင့်ပါတယ်။

စံနမူနာထားထိုက်သူဖြစ်ခြင်း

လူတိုင်းဟာအမှားနဲ့မကင်းပါဖူး။ ဒါပေမယ့် ဆရာဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်ဖို့ အလွန်အရေးကြီးပါတယ်။ ဆရာတွေဟာ ကျောင်းသားတွေအတွက် အတုယူထိုက်၊ စံနမူနာယူထိုက်သူတွေ ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။

စာသင်ချိန်ကိုအချိန်မှန်မဝင်တဲ့ဆရာတချို့ကို တွေ့ဖူးပါတယ်။ ကျောင်းသားကို အချိန်မှန်ကျောင်းတက်ရမယ်ဆိုတဲ့ ကျောင်းစည်းကမ်းကို ၊ ဆရာတွေကိုယ်တိုင်လည်း လိုက်နာသင့်ပါတယ်။ မြန်မာလူကြီးတွေက လူငယ်တွေကို ဆေးလိပ်မသောက်ဖို့ အရက်မသောက်ဖို့ ဆုံးမလေ့ရှိကြပါတယ်။ ဒါပေမယ့် ကျောင်းသားတွေရှေ့မှာ ဆေးလိပ်သောက်တတ်တဲ့ ဆရာတွေ၊ အရက်သောက်ထားသလို မျက်ထောင့်နီနဲ့ဆရာမျိုးတွေကို တချို့ကျောင်းတွေမှာ တွေ့ရတဲ့အခါ စိတ်ပျက်မိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုနဲ့လုပ်တယ်ဆိုရင်တောင် ကျောင်းသားတွေရှေ့မှာလုပ်တဲ့အခါ ကျောင်းသားတွေက ကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတာ ချင့်ချိန်သင့်ပါတယ်။

ဆရာတယောက်ဟာ ကျောင်းသားတယောက်ကို ဆိုဆုံးမတာမျိုးမလုပ်ခင် ကိုယ်တိုင်ကရော အဲဒီအပိုင်းတွေမှာ မှန်ကန်အောင်နေရဲ့လားဆိုတာ ကိုယ့်ဘာသာဆန်းစစ်ကြည့်သင့်ပါတယ်။

ကျောင်းသားတွေအပေါ် ကိုယ်ချင်းစာ၊ ကြင်နာစိတ်ထားခြင်း

ငယ်ရွယ်သေးတဲ့ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိလွယ် ရှလွယ် အမှတ်ရလွယ်ပါတယ်။ ကျောင်းသားတယောက်ဟာ ဘယ်လောက်ပဲဆိုးပါစေ သူ့ဆရာရဲ့စေတနာကို ခံစားသိရှိသွားတဲ့အခါ အဲဒီစေတနာကိုလေးစားတဲ့ တုံပြန်မှုကို သူတို့တတ်နိုင်သလောက် ပေးတတ်စမြဲပါ။

ကျမ အမှတ်ရမိတဲ့ အဖြစ်အပျက်နှစ်ခုရှိပါတယ် ။

ပထမအဖြစ်အပျက်ကတော့ ကျမ ဆရာမစလုပ်တုန်းက ကြုံခဲ့ရတဲ့ကျောင်းသားတယောက်ပါ။ အဲဒီကျောင်းသားက စာမေးခံရတဲ့အခါတိုင်း မသိတာကို သိသလိုလုပ်ပြီး ဖြေလေ့ရှိပါတယ်။ ဒါကြောင့် သင်ခန်းစာကိုသေချာနားလည်အောင် သင်ယူဖို့ ကျမသူ့ကိုသတိပေးရလေ့ရှိတယ်။ အဲဒီကျောင်းသားဟာ အဲဒီဘာသာရပ်ပြီးဆုံးတဲ့အခါမှာ ကျမဆီ ခုလိုအီးမေးလ်ပို့လာပါတယ် …

“ဒီဘာသာသင်ယူရတဲ့စာသင်နှစ် ပြီးဆုံးသွားတဲ့အတွက် ကျနော်အရမ်းဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ ဆရာမက ကျနော်လုပ်သမျှကို အကောင်းမထင်ဘူး။ ကျနော်ကြိုးစားတာကိုလည်း ဆရာမက အသိအမှတ်ပြုတဲ့ပုံမပြတော့ ကျနော်ဟာ ဒီဘာသာရပ်ကို လေ့လာချင်စိတ်နည်းသွားခဲ့ပါတယ်”။

ကျောင်းသားတွေနဲ့အမြဲအဆင်ပြေလေ့ရှိတဲ့ကျမဟာ အဲလိုအီးမေးလ်ရတော့ အတော်လေးအံ့သြသွားခဲ့မိတယ်။ နောင်ဆို ကျောင်းသားတွေစိတ်ကို ပိုပြီးစာနာစဉ်းစားဖို့ ကိုယ့်ဘာသာသတိပေးလိုက်မိပါတယ်။ တကယ်တော့ သူ့ကို သင်ခန်းစာကိုပိုင်နိုင်စေချင်လို့ တင်းကျပ်လိုက်တော့၊ ကျမစေတနာက ဝေဒနာဖြစ်သွားခဲ့ရတာပါ။

နောင် နှစ်တချို့ကြာပြီး ဒုတိယအဖြစ်အပျက်မှာတော့ ကျမကို နောက်ထပ်ကျောင်းသားတယောက်က ခုလိုပြောလာပါတယ် …

“ကျနော်တွေ့ဖူးသမျှ ဆရာမတွေထဲမှာ ဆရာမလို စိတ်ရှည်လက်ရှည်နဲ့ ဂရုတစိုက်သင်ပေးတဲ့သူ ခုမှပဲတွေ့ဖူးတယ်”။

အဲဒီကျောင်းသားဟာအတန်းထဲမှာ စာအညံ့ဆုံးကျောင်းသားတယောက်ဖြစ်ပါတယ်။ ကျမသင်တဲ့ဘာသာရပ်မှာလည်း စိတ်ပါ၀င်စားမှု မရှိသလောက်ပါပဲ။ အတန်းထဲမှာ စကားပေါပြီး အလေလိုက်ချင်တဲ့ကျောင်းသားမျိုးပါ။ ဒါပေမယ့် ကျမက သူ့ကို စိတ်ရှည်လက်ရှည်သင်ပေးတယ်၊ အဲဒီဘာသာရပ်နဲ့ပတ်သက်ပြီး သူ့အားနည်းချက်အပေါ် စာနာတတ်တဲ့စိတ်ရှိတယ်လို့ သူခံစားရတော့၊ ကျမစာသင်တဲ့အခါ သူကြိုးစားပြီး သင်ယူတယ်။ အတန်းထဲမှာ မသိတာကိုသေချာမေးပြီး မရမချင်းကြိုးစားပါတယ်။ သူ့ရဲ့ကြိုးစားမှုကို ကျမကအသိအမှတ်ပြုတဲ့အခါ သူ့ပျော်ရွှင်မှုက အထင်းသားပေါ်လွင်ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ကိုယ်ချင်းစာနာစိတ်ရှိတတ်အောင် ကျောင်းသားတွေက ကျမကိုပေးလိုက်တဲ့ သင်ခန်းစာတွေပါပဲ။

မိဘနဲ့တန်းတူ အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ဖို့ ကျမတို့ ဆရာ ဆရာမတွေ ဘယ်လိုစိတ်ဓါတ်မျိုး ရှိသင့်သလဲ၊ ကိုယ်ဟာဘယ်လိုဆရာလည်းဆိုတာတွေကို ကိုယ့်ဘာသာ အမြဲပြန်လည်သုံးသပ်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်လိုအပ်ချက်တွေနဲ့ အားသာချက်တွေကို မြင်နိုင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆရာကောင်းတယောက်ဖြစ်သထက်ဖြစ်အောင် အစဉ်ကြိုးစားနေနိုင်ပါမယ်။

ခင်နှင်းစိုး

(၂၀ ရက် မတ်လထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ခင်နှင်းမိုး နာမည်နှင့် ဖော်ပြပြီးဖြစ်သည်)