ကျောင်းအုပ်ကြီး တော်တော်များများကတော့ ကျောင်းတစ်ကျောင်းရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဟာ Culture (ဒီနေရာမှာ ဘိုလိုပဲတုပ်တော့မယ်။ ခေါင်းဆောင်မှုပုံစံ၊ ဆက်သွယ်ဆက်ဆံ ကြတဲ့အမူအယာတွေနဲ့ ဝိုင်းဝန်းလုပ်ကိုင် ဖြေရှင်းကြတဲ့ အလေ့အထ တွေအကုန်ပေါ့ဗျာ) ဖြစ်တယ်ဆိုတာ သိပြီးသားပါ။

Organizational Culture/School Culture ကောင်းမကောင်းတော့ ဘယ်လိုပြောမလည်းပေါ့။ ဆရာ ဆရာမတွေက ကျောင်းတော်ကြီးရဲ့ ဘုံရည်မှန်းချက်ကြီးကို ပြောပြတတ်တယ်၊ ကျောင်းသားတွေအောင်မြင်ကြတယ် ဆိုရင်ကောင်းတယ်ပေါ့။ ဆရာတွေအလုပ်ထွက်တာများပြီ၊ ကျောင်းသားတွေအပြစ်ဒါဏ်ပေးခံရတာများလာပြီ ဆိုရင်တော့ ဒါကျောင်း ရဲ့ culture ဘာများကောင်းအောင်လုပ်ဖို့လိုနေမလဲပေါ့။ စဉ်းစားကြပြီ။

အဖွဲ့အစည်းအမျိုးမျိုးရဲ့ ခေါင်းဆောင်တွေလိုပါပဲ၊ ဒီလို ကိုယ့်ကျောင်းရဲ့ ယဉ်ကျေးမှု (school culture) ကောင်းအောင်လုပ်ဖို့ ဘာကအရေးအကြီး ဆုံးလည်းဆိုတာမှာ တစ်ဆို့နေတတ်တော့တာဗျ။

မစ်ရှဲ (Ebony Bridwell-Mitchell) က ပညာရေးဆိုင်ရာ ခေါင်းဆောင်မှု နဲ့စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်သူ။ သူမပြောတာကတော့ သုတေသသီတွေရဲ့ တွေ့ရှိမှုတွေမှာ အဖွဲ့စည်းတစ်ခုရဲ့ culture နဲ့ အဲဒီအဖွဲ့ရဲ့ performance တွေဟာ သိသာထင်ရှားစွာ ဆက်စပ်ပတ်သက်နေပါတယ်တဲ့။ ကျောင်းအုပ်တွေကသာ culture မှာ ဘယ်လိုလည်းဆိုတာ ကောင်းစွာနားလည်သင့်တာ။ ထိတွေ့ ဆုပ်ကိုင်ပြလို့ မရသော်လည်း ထုနဲ့ထည်နဲ့အင်အားရှိတာ၊ ဒါပေမယ့် တိကျသေချာစွာ ထောက်ပြနိုင်ပြီး လိုချင်သလို ပုံဖော်နိုင်တာကို နားလည်ပြီဆိုရင် ကိုယ့်ကျောင်းရဲ့ ယဉ်ကျေးမှုနဲကဆိုင်တဲ့ရူပါရုံ (cultural vision) ကို စတင်ပုံဖေါ်နိုင်ပါပြီ။

ဆိုတော့ ကျောင်းတစ်ကျောင်းရဲ့ culture ကိုခေါင်းဆောင်ကအစ အားလုံးဝန်ထမ်းတွေ အဖွဲ့ဝင်တွေက အတူတူနားလည်လက်ခံပြီး လက်တွေ့ကျင့်သုံး ကြမယ်ဆိုရင် ပျော်စရာကောင်းပြီး အောင်မြင်တဲ့ ကျောင်းတစ်ကျောင်းပဲပေါ့။ Harvard Graduate School of Education မှာ အခြပြုတဲ့ National Institute for Urban School Leaders ဆိုတဲ့ session မှာတော့ မစ်ရှဲက Organization တစ်ခုရဲ့ အရေးကြီးတဲ့အသွင်အပြင် လက္ခဏာတစ်ရပ် အဖြစ်ဘယ်လိုအခြေခံကျ အခရာကျကြောင်း ထဲထဲဝင်ဝင်ပြောပြထားတာလေးရှိပါတယ်။

အဖွဲ့ထဲမှာ အချင်းချင်းအပြန်အလှန်ဆက်သွယ်ဆက်ဆံမှု အားပျော့သွား ပြီဆိုရင်တော့ culture ကအားပျော့မှာပဲ။ ဆက်သွယ်ဆက်ဆံမှုတွေရှိနေရင် culture အားကောင်းမယ်။ မစ်ရှဲက ဒီလို ပြောပါတယ်။

Culture ကောင်းတဲ့အဖွဲ့အစည်းအတွင်းမှာ လူတွေဟာ ဆက်ဆံပတ်သက် ရတာတွေများမယ်။ ဟိုအဖွဲ့နဲ့ ဒီအုပ်စုရယ်လို့ လုံးဝ ဟနေကွဲမနေဘူး။ ဒီနေရာမှာမတူရင် ဟိုနေရာမှာပြန်ဆုံရမယ်ဆိုတာမျိုးတွေနဲ့ အချိတ်အဆက် မိမိနဲ့ အစေးကပ်တယ်။ ဆိုတော့ အဖွဲ့ရဲ့ တန်ဖိုးထားတဲ့ ထူးခြားသော ခံယူချက်တွေနဲ့ သိကောင်းစရာတွေကို ဟိုဟို ဒီဒီ ပြန့်နေအောင် ဖျန့်ပြီး သားဖြစ်နေမယ်။ လိုက်လုပ်နေမိမယ်။ အကျင့်သားရနေတော့မယ်။

ဆိုတော့ ခံယူချက်တွေ၊ တန်ဖိုးထားမှုတွေ၊ လက်တွေ့ကျင့်ဆောင်မှုတွေဟာ အလျင်အမြန်ကိုပဲ ပြန့်နှံ့စေမှာ။ လူတိုင်းက လူတိုင်းနဲ့ဆက်ဆံတိုင်းမှာကိုပဲ ဒါတွေက ပြန်လည်အားဖြစ်စေမှာ။ သတိပြုဆင်ခြင်မိစေမှာ။ culture ကောင်းသဟေ့ဆိုတဲ့ကျောင်းရဲ့ ကျောင်းအုပ်တွေဟာ ဆရာတွေ ဆရာမတွေ၊ ရုံးပိုင်းကလူတွေ၊ မိဘတွေ၊ အတိုင်ပင်ခံတွေနဲ့ တိုက်ရိုက် ဆက်သွယ်ဆက်ဆံမှုတွေလုပ်တတ်တာတဲ့။ အခြားသူတွေကလည်း ထိုနည်းနှင်နှင်ပဲတဲ့။ တိုက်ရိုက် ဆက်သွယ်ပြောဆိုကြတာချည်းပဲ။

ဆက်သွယ်ဆက်ဆံရေးတွေကျဲလာရင်တော့ culture အားနည်းလာတော့မှာ။ ဥပမာ အချို့ဆရာဆရာမတွေဟာ ကျောင်းအုပ်ဆီက ဘာသံမှမကြားရတော့ရင်၊ ဆက်သွယ်ဆက်ဆံရေးဖြစ်စဉ်တွေမှာ ရုံးအုပ်ချုပ်ရေးပိုင်းကလည်း ဘေးရောက်နေရင်၊ ဒါမှမဟုတ် ဝန်ထမ်းတစ်စုအလုပ်လုပ်ရတာက သီးခြားဆန်နေပြီး အခြားဝန်ထမ်းတွေက သူတို့ဘာလုပ်နေမှန်းတောင် မသိတော့ရင်၊ သေချာတာကတော့ အားလုံးသဘောတူထားတဲ့ ခံယူချက်တွေ နဲ့ သံန္နိဌာန်တွေ ကဘယ်လိုမှ ပြန့်နှံ့စေဖို့မလွယ်တော့ဘူးပေါ့။

Culture ဆိုတာ အခြေခံယုံကြည်မှု နဲ့ အမူအကျင့်

အားပျော့သည်ဖြစ်စေ အားကောင်းသည်ဖြစ်စေ၊ လူတွေဘယ်လို ယုံကြည်လက်ခံသလဲနဲ့ ဘယ်လိုပြုမူတုန့်ပြန်ကြသလဲဆိုတာ ခေါင်းဆောင်တွေက ပေးပို့လိုက်တဲ့ သတင်းစကား (message) အပေါ်မှာ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝှိုက်ဖြစ်ဖြစ် မူတည်တယ်။ အဖွဲ့ခေါင်းဆောင်က ပေးလိုက်တဲ့ message က အချို့လက္ခဏာသွင်ပြင်တွေကို သိသာထင်ရှားစေတယ်။ ဥပမာ အတူလက်တွဲဆောင်ရွက်တတ်တဲ့အကျင့်၊ ရိုးသားမှု၊ ဝီရိယစိုက်မှု စတာတွေပေါ့။

ပြီးတော့ ပြောသေးတယ်။ culture ကို အပြန်အလှန် ယှက်နွယ်ထားတဲ့ အကြောင်းအရာ (၅) ခုနဲ့ ပုံဖော်ထားသတဲ့။ သူတို့ကလွှမ်းမိုးမှု အတော်ရှိဆိုပဲ။ ဒီငါးခုက အပြန်အလှန်လွှမ်းမိုးသက်ရောက်အားရှိပြီး ယုံကြည်မှုတွေနဲ့ အမူအကျင့်တွေကို သူ့ဖာသာသူပြန်လည်အားဖြည့်ထိန်းကျောင်းပေး သွားတတ်တဲ့သဘောလည်းရှိသတဲ့လေ။ မစ်ရှ်လ်အဆိုအရတော့ ကျောင်းတွင်းမှာရှိတဲ့သူတွအားလုံး ဆက်သွယ်ဆက်ဆံရေးအားကောင်း နေလို့ကတော့ ဒီအဝန်းအဝိုင်းလေးထဲက တစ်နေရာမှစလို့ အပြန်အလှန် အားဖြည့်ထိန်းကျောင်းသွားတာကို တွေ့နိုင်တယ်တဲ့ဗျ။

ဒီ ငါးခုကတော့

၁) အခြေခံကျတဲ့ယုံကြည်ချက်/ယူဆချက်။ ။ ကျောင်းတွင်းအဖွဲ့ဝင်တွေ (ဆရာဆရာမ ဝန်ထမ်းအားလုံး) မှာတူညီတဲ့ ယုံကြည်မှုတစ်ခုကို အမှန်တရားအဖြစ်လက်ကိုင်ထားစေတာမျိုး။ ဥပမာ “ကျောင်းသားအားလုံးမှာ အောင်မြင်နိုင်ဖို့ အလားအလာတွေရှိတယ်။”

“သင်ကြားရေးဟာ အသင်းလိုက်ကစားရတဲ့အားကစားတစ်ခု။” ဆိုတာမျိုး။

၂) ဘုံတန်ဖိုးထားမှု။ ။ ကျောင်းမိသားစုအဖွဲ့ဝင်တွေက အထက်ကပြောခဲ့တဲ့ ဘယ်လိုခံယူချက်၊ အမြင်၊ ယုံကြည်မှုတွေက မှန်တယ် (သို့) မှားတယ်။ ကောင်းတယ် (သို့) ဆိုးတယ်။ တရားမျှတတယ် (သို့) မမျှတဘူး ဆိုတာတွေကို ဝေဖန်စစ်ကြောပြီးတော့ လက်ခံတတ်ကြတာ။ ဥပမာ လမ်းစဉ်တစ်လျှောက်ရဲကအဆင့်တိုင်းမှာ လုပ်ဖော်ဆောင်ဖက်တွေဟာ အချင်းချင်း ညှိုနှိုင်းတိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်တာဟာ ကောင်းတယ်။ လုပ်ရမယ်။ လုပ်ကြမယ်။ ဒါမျိုး ခံယူချက်ဖြစ်သွားရင် Shared Value ပေါ့။

၃) Norms လက်ခံထားကြတဲ့စံ။ ။ အားလုံးမျှော်လင့်ထားတဲ့ ပြုမူဆက်ဆံ ပုံတွေပေါ့။ ဥပမာ “ကျောင်းသားလေးတွေ ကောလိပ်တက်နိုင်ဖို့ ဘာတွေ လိုနိုင်တယ်ဆိုတာကို သူတို့မိဘတွေကို ငါတို့ မကြာခဏနဲ့ ခပ်စောစော ပြောသင့်တယ်” ဆိုတာမျိုး။ “အပတ်စဉ် အမှတ်ပေး အစည်းအဝေးတွေမှာ ငါတို့ တက်တက်ကြွကြွပါဝင်သင့်တယ်” ဆိုတာမျိုး။

၄) အပြုအမူ/လှုပ်ရှားမှုပုံစံများ။ ။ ကျောင်းမှာ ဘယ်လိုအစီအစဉ်လေးတွေ ပြုလုပ်ဆောင်ရွက်သင့်တယ် လို့ဆိုလိုတာပါ။ ပုံမှန်ဆုံနေကျဖြစ်တဲ့ မိဘစကားဝိုင်းဆိုတာမျိုးလေးပေါ့လေ။ အပတ်စဉ်လုပ်တဲ့သင်ရိုးညွှန်းတမ်း အစည်းအဝေးမှာ တက်တက်ကြွကြွရှိတာမျိုးရောပေါ့။ ဒီလို ချစ်စရာကောင်းပြီး မြိုင်ဆိုင်နေတဲ့ အလေ့အထ ပုံစံလေးတွေပါ။

၅) သိသာထင်ရှားသာဓကများ။ ။ ကိုယ့်ကျောင်းကလူတွေပေါ့လို့ ပြောလိုက်တယ်ဆိုရင်ပဲ တန်းကနဲ မှန်းဆနိုင်လောက်တဲ့ ရုပ်လုံးကြွ မြင်ယောင်ခံစားစေနိုင်တဲ့ အမူအကျင့်စရိုက်လေးတွေဟာ ရုပ်ပိုင်း၊ အမြင်ပိုင်း၊ အသံပိုင်း၊ သို့မဟုတ် အာရုံခံစားလောက်တဲ့ လက္ခဏာရပ်မျိုး ရှိနေစေအောင် ဖန်တီးထားတာ။ ဥပမာ ကျောင်းအစည်းဝေးမလုပ်ခင်လေးမှာပဲ ဝန်ထမ်းများစီးလာတဲ့ မော်တော်ယဉ်တွေ ဆိုင်ကယ်တွေက parking ထိုးပြီးသားဖြစ်နေတယ်ဆိုတဲ့ လက္ခဏာမျိုး။ ကျောင်းအတွက် ဂုဏ်ယူဖွယ် ပုံရိပ်ပါတဲ့ ပိုစတာမျိုး။

ဒီ(၅)ခုဟာ ကျောင်းတစ်ကျောင်းရဲ့ culture ကောင်းဖို့ အတော်အရေးပါ သတဲ့။ ဒီလို Orgnizational Culture လေးကောင်းတာနဲ့ Organizational Performance ကောင်းခြင်း ဆိုတာလည်း အတော်လေး ဆက်စပ်မှုရှိ ကြောင်း (strong and significant correlation) ကို မစ်ရှဲလ်က သတိပေး ထောက်ပြသွားတာပါ။ ကျောင်းအုပ်လောင်းလေးများ အတွက် အသုံးတဲ့ မလားလို့ပါ။

ကျေးဇူးပါ။ စိတ်ရှည်စွာဖတ်ပေးလို့။

Bo