Principles of Macroeconomics ဘာသာရပ်ထဲမှ ကျွန်မအနှစ်သက်ဆုံး topic တစ်ခုဖြစ်တဲ့ တိုင်းပြည်များ၏ ရေရှည်လူမှုဘဝတိုးတက်ခြင်း၏အရေးပါမှု (The importance of Long-Run Economic Growth) အား သင်ကြားမေးခွန်းထုတ်ပုံကို နမူနာအဖြစ် အသုံးပြုပြီး ရှင်းပြလိုပါတယ်။

အခြားနိုင်ငံများမှာ နိုင်ငံသားတိုင်းလိုလို သိနေပြီးဖြစ်တဲ့ အရေးကြီးတဲ့အကြောင်းတစ်ခုကို မြန်မာပြည်လူထုကြီးရဲ့ အများစုက သိခွင့်မရသေးတာကို နားလည်ထားတဲ့ကျွန်မ၊ ဒီခေါင်းစဉ်ကိုသင်ကြားတဲ့အချိန်တိုင်း မြန်မာပြည်သူတွေကို သိစေချင်တဲ့စိတ်က ရင်ထဲမှာ အလွန်ပြင်းပြခဲ့ပါတယ်။

ကျွန်မ အစွမ်းအစလေးနဲ့ ပြောပြခွင့်ရနိုင်ပါတော့မလားဆိုတဲ့ သိမ်ငယ်စိတ်ကို ပြင်းပြတဲ့စေတနာက အနိုင်ယူနိုင်ခဲ့ပြီး အခုလိုဝေမျှခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။

ဒီအကြောင်းကိုမစခင် ကျွန်မဟာ Macroeconomics နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ (Expert) အဆင့်ကို မရောက်သေးဘူးဆိုတာကို အရင် ဝန်ခံပါရစေ။ Macroeconomics ရဲ့ အခြေခံသဘောတရားတွေကို သိရှိသူတစ်ဦးဖြစ်ပြီး အဆင့်ပိုမြင့်တဲ့အကြောင်းတွေကို နားလည်ဖို့ကြိုးစားနေဆဲသူတစ်ယောက်အဖြစ် ကျွန်မကို လက်ခံစေလိုပါတယ်။

ဤနေရာမှာ Macroeconomics ရဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရများကို အတိအကျ ဘာသာပြန်လိုရင်းက အဓိက မဟုတ်ဘဲ Macroeconomics ကို ဘာကြောင့်နားလည်ဖို့လိုသလဲဆိုတာကို ရှင်းပြရင်း စာခိုးချ မှုနည်းပါးတဲ့ ပညာရေးစနစ်အကြောင်းကို သိစေလိုခြင်းက အဓိကဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ Macroeconomics Experts များက ကျွန်မကို နားလည်ခွင့်လွှတ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဘောဂဗေဒ (Economics) ၏ဖခင်လို့ ခေါ်ဆိုနိုင်တဲ့ Adam Smith ရဲ့ “The Wealth of Nations” ဆိုတဲ့စာအုပ်ကို ၁၇၇၆ ခုနှစ်မှာ ထုတ်ဝေအပြီး ဘောဂဗေဒဟာ လူမှုရေးသိပ္ပံ (Social Science) အောက်မှာ  ဘာသာရပ်တစ်ခုအဖြစ် စတင်ပေါက်ဖွား ခဲ့တဲ့အတွက် Economics ကို “တိုင်းပြည်များ ဘယ်လိုချမ်းသာကြွယ်ဝကြောင်းကို လေ့လာသောဘာသာရပ်” လို့ အလွယ်ကူဆုံးအနီးစပ်ဆုံး ဘာသာ ပြန်ဆိုနိုင်ပါတယ်။ (အခြား အဓိပ္ပါယ်ဖွင့်ဆိုချက်များလည်း ရှိပါတယ်)။

Economics ရဲ့ အောက်မှာ * Microeconomics နဲ့ * Macroeconomics ဆိုပြီး အဓိက (၂)ခု ထပ်ခွဲပြီး လေ့လာကြပါတယ်။ Microeconomics က လူတစ်ဦးချင်း အဖွဲ့အစည်း တစ်ခုချင်း  စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီက ဘယ်လို စီမံဆုံးဖြတ်မှုတွေလုပ်ပြီး သူတို့ဘဝအခြေအနေကို ကောင်းမွန်အောင်လုပ်ကြသလဲဆိုတာကို လေ့လာပါတယ်။

Macroeconomics ကတော့ ခုနက ပြောတဲ့ တစ်သီးပုဂ္ဂလတွေ အားလုံးပါဝင်နေတဲ့ (နိုင်ငံတစ်နိုင်ငံ၏) စီးပွားရေးအဆောက်အဦကြီး တစ်ခုလုံးကြောင်းကို ခြုံငုံလေ့လာသော ဘာသာရပ်လို့ အတိုချုပ် ဘာသာပြန်နိုင်ပါတယ်။

တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးအဆောက်အဦး အခြေအနေ ကောင်း/မကောင်းကို ကောက်ချက်ချဖို့ အဓိက အသုံးပြုတိုင်းတာနိုင်တဲ့ အရာ (၃) ခုရှိပါတယ်။

  • တိုင်းပြည်ဝင်ငွေ (GDP = Gross Domestic Product)၊

  • အလုပ်လက်မဲ့နှုန်း (Unemployment Rate)၊ နှင့်

  • ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) တို့ဖြစ်ကြပါတယ်။

ဤ ၃ ခုထဲမှ အရေး အပါဆုံးလို့ဆိုနိုင်တဲ့ GDP အကြောင်းက ကျွန်မပြောလိုတဲ့ topic နဲ့ တိုက်ရိုက်စပ်ဆက်နေပါတယ်။ GDP ဆိုသည်မှာ တိုင်းပြည်တစ်ခုက (၁)နှစ်အတွင်း ထုတ်လုပ်လိုက်တဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ စုစုပေါင်းတန်ဖိုးဖြစ်ပါတယ်။ စုစုပေါင်းဝင်ငွေလို့လည်း ခေါ်နိုင်ပါတယ်။

စီးပွားရေးအဆောက်အဦရဲ့ ပမာဏ ဘယ်လောက်ကြီးသလဲဆိုတာကို တိုင်းတာတဲ့နေရာမှာ GDP တန်ဖိုးကို သုံးနိုင်ပါတယ်။ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF= International Monetary Fund) ရဲ့ ၂၀၁၂ ခုနှစ် စာရင်း အချက်အလက်များ (Data) အရ အမေရိကန်နိုင်ငံ (US) က GDP အမြင့်ဆုံးဂဏန်းကို ပိုင်ဆိုင်ထားတဲ့အတွက် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအဆောက်အဦလို့ သတ်မှတ်ခြင်းခံရပြီး ဒုတိယနေရာကို  ရုတ်ပြည်သူ့သမ္မတနိုင်ငံက ရရှိထားပါတယ်။

GDP Data အရ အမေရိကန် နိုင်ငံသားများကို ကမ္ဘာ့အချမ်းသာဆုံးလူများလို့ ခေါ်မယ်ဆိုရင် တရုတ်နိုင်ငံသားများကို ကမ္ဘာ့ဒုတိယအချမ်းသာဆုံးလူများလို့ သတ်မှတ်နိုင်ရပါမယ်။ ဒါပေမယ့် ဒီလိုပြောလို့ မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ GDP တန်ဖိုးက လူနေမှုအဆင့်အတန်းကို တိုင်းတာဖို့ အကောင်းဆုံးကိန်းတစ်ခု မဟုတ်လို့ပါပဲ။ စုစုပေါင်းဝင်ငွေတူပြီး မိသားစုအရေအတွက်မတူတဲ့ အိမ်ထောင်စု ၂ ခုကို စဉ်းစားကြည့်မယ်ဆိုရင် * လူဦးရေနည်းတဲ့ မိသားစုဟာ သူတို့ရဲ့စုစုပေါင်းဝင်ငွေကို ခွဲတန်းချလိုက်တဲ့အခါ လူတစ်ဦးချင်းစီအတွက် ဝေစုများများရတဲ့အချိန်မှာ * လူဦးရေပိုများတဲ့ မိသားစုက ဝေစု  နည်းနည်းပဲရတဲ့အတွက် သုံးစွဲနိုင်တဲ့စွမ်းအားပိုနိမ့်နေမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံများအကြား လူနေမှုအဆင့်ကိုတိုင်းတာဖို့အတွက် လူတစ်ဦးကျဝင်ငွေကသာ အသုံးဝင်ကြောင်း

သိရမှာဖြစ်ပါတယ်။ လူတစ်ဦးကျဝင်ငွေကို Per Capita GDP (PGDP) လို့ ခေါ်ပါတယ်။ စုစုပေါင်းတိုင်းပြည်ဝင်ငွေကို စုစုပေါင်းလူဦးရေနဲ့ “စား” ထားလို့ ရတဲ့ ဂဏန်းတစ်ခုဖြစ်ပါတယ်။ ဒီ PGDP က လူနေမှုအဆင့်အတန်းကို အတိအကျမတိုင်းတာနိုင်ပေမယ့် တိုင်းပြည်တွေရဲ့ ရေရှည်စီးပွားရေးအလားအလာကို အကဲဖြတ်တဲ့နေရာမှာတော့ အလွန်အသုံးတည့်ပါတယ်။

၂၀၁၂ IMF Data အရ အမေရိကန် ရဲ့ ပျမ်းမျှတစ်နှစ်လူတစ်ဦးကျဝင်ငွေက USဒေါ်လာ 51,700 ရှိချိန်မှာ ဂျပန်က 35,700၊ တောင်ကိုးရီးယားက 31,950၊ ထိုင်းက 9,500၊ တရုတ်က 9,050၊ အိန္ဒိယက 3,900၊ နှင့် မြန်မာက 1,626  ခန့် အသီးသီးရှိခဲ့ကြပါတယ်။ အထက်ပါ ပျမ်းမျှတစ်ဦးကျဝင်ငွေ Data အရ တိုင်းပြည်များရဲ့လူနေမှုအဆင့် မတူညီကြောင်းကို ကွဲကွဲပြားပြားသိရပြီးနောက်မှာ သူတို့ဘာကြောင့် မတူညီရသလဲဆိုတဲ့မေးခွန်းက ဘောဂဗေဒပညာရှင် (Economists) တွေအတွက် အရေးပါတဲ့မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ သူတို့တွေ့ရှိတဲ့အဖြေက ရေရှည်စီးပွားရေးတိုးတက်မှု  (Long-Run Economic Growth) မတူညီကြလို့ပါတဲ့။

၁၉၀၇ ခုနှစ် လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်က US ရဲ့ ပျမ်းမျှလူတစ်ဦးကျဝင်ငွေဟာ ဒေါ်လာ ၈၀၀၀ ပတ်ဝန်းကျင်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ၅၂ ၇၀၀ ရှိလာခဲ့ပါတယ်။ ၆ ဆ ကျော် မြင့်မားလာခဲ့ခြင်းဖြစ်ပါတယ်။ ဥရောပ၊ မြောက်အမေရိက နဲ့ အရှေ့အာရှနိုင်ငံတချို့ကလွဲရင် ကမ္ဘာ့လူဦးရေရဲ့ ၅၀% သောလူတွေဟာ အမေရိကရဲ့ ရာစုနှစ်တစ်ခုဆီက လူနေမှုအဆင့်အတန်းကို မမှီကြသေးပါဘူး။ အိန္ဒိယ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှ သာမာန်လူတန်းစားများဟာ အမေရိကရဲ့ လွန်ခဲ့တဲ့ အနှစ် ၁၀၀ က နေထိုင်ခဲ့ကြတဲ့ သာမာန်လူတန်း စားများထက် ဆင်းရဲနေကြပါသေးတယ်တဲ့။ ဘာဖြစ်လို့ US ဟာ ဒီလိုမြင့်မားတဲ့ လူနေမှုအဆင့်ကို ရရှိနိုင်ခဲ့တာလဲ???

အဖြေက ဒီလိုပါ။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ အတွင်း သူတို့ရဲ့ တစ်ဦးကျ ဝင်ငွေတိုးတက်မှုနှုန်း က ၁.၈% ရှိခဲ့လို့ပါတဲ့။ အနှစ် ၁၀၀ အတွင်း ၁.၈%ထက်မြင့်မားခဲ့သောနှစ်များနှင့် ၁.၈%အောက်နိမ့်ခဲ့တဲ့နှစ်များကိုအတူ ထည့်သွင်းပြီး ပျမ်းမျှ (Average) ယူထားတဲ့ဂဏန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် ဒီ အပေါင်းလက္ခဏာတိုးတက်မှုနှုန်းကို ရရှိထိန်းသိမ်းနိုင်ခဲ့တာလဲဆိုတော့ ကုန်ထုတ်စွမ်းအားတိုးတက်မှု (Productivity Growth) ကြောင့်ပါတဲ့။

ဒါဆိုရင် ဒီလောက်အရေးပါတဲ့ ကုန်ထုတ်စွမ်းအားဆိုတာ ဘယ်အရာဖြစ်ပါသလဲ။ ဒီကုန်ထုတ်စွမ်းအားတိုးတက်စေဖို့ သူတို့ဘာတွေ လုပ်ခဲ့ကြပါသလဲ? လုပ်သားတစ်ဦး တစ်နာရီအတွင်း ထုတ်လုပ်နိုင်တဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုအရေအတွက်ကို ကုန်ထုတ်စွမ်းအားလို့ခေါ်ပါတယ်။ US ရဲ့ Productivity က ကမ္ဘာပေါ်မှာ အမြင့်ဆုံးထဲမှာပါပါတယ်။ ဆိုလိုတာက သူတို့ဆီက သာမာန်လုပ်သားတစ်ဦးရဲ့ ၁နာရီအတွင်း အလုပ်ပြီး စီးမှုက အခြားနိုင်ငံများမှ သာမာန်လုပ်သားတစ်ဦးအလုပ်ပြီးစီးမှုထက် မြင့်တယ်လို့  အဓိပ္ပါယ်ရပါတယ်။ ဥပမာလေးတစ်ခု ပေးပါရစေ။ ကျွန်မ ဂျပန်မှာ ကျောင်းတက်တော့ ဒုတိယနှစ်မှာ သုတေသနကျမ်းစာ (Thesis) ရေးခဲ့ရပါတယ်။ ကျွန်မရဲ့ ကျမ်းစာကြီးကြပ်သူက အမေရိကရဲ့ Top 20 တက္ကသိုလ်တွေထဲက တစ်ခုကနေ ပါရဂူဘွဲ့ ရရှိထားသူ ကိုးရီးယားလူမျိုးတစ်ဦးပါ။ ကျွန်မတို့အမြင်မှာ သူက အလုပ်လုပ်တာ အလွန်လောဘကြီးပြီး မြန်ဆန်သူပါ။ တပတ်တပတ် သူသင်တဲ့ဘာသာရဲ့ အိမ်စာ တပုံတခေါင်းများအပြင် Research အတွက်ခိုင်းတာတွေ ကလည်း အများကြီးပါ။ သူရဲ့ ကြီးကြပ်ခြင်းခံရတဲ့ ဘင်္ဂလားဒေ့ရှ်က အတန်းဖော်သူငယ်ချင်းနဲ့ ကျွန်မ ဆရာ့ကွယ်ရာမှာ ဆရာ့အကြောင်းပြောရင်း မကြာခဏ ရင်ဖွင့်ညည်းညူ ဖူးကြပါတယ်။ ကျွန်မတို့ အားလုံးနေ့လည်စာ အတူစားဖြစ်တဲ့တနေ့မှာ ဆရာက US မှာနေစဉ် သူအားကျခဲ့ရတဲ့ ပါမောက္ခတစ်ယောက်အကြောင်း ပြောပြပါတယ်။ အဲဒီဆရာက အလုပ်လုပ်တာ အရမ်းမြန်ကြောင်း၊ တက္ကသိုလ် မှာစာသင်ရင်း Research Papers များ ရေးခြင်း  လုံးချင်းစာအုပ်များရေးသားထုတ်ဝေခြင်း ပညာရေးဆိုင်ရာဂျာနယ်များတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေခြင်းတို့အပြင် အမေရိကန်အစိုးရ၏ စီးပွားရေးအကြံပေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်တဲ့။ ကလေး ၂ ယောက်ရှိတဲ့ သူ့ မိသားစုအတွက် သူဘယ်လိုများအချိန်ပေးသလဲ မသိဘူးလို့ ကိုးရီးယားနိုင်ငံသား ကျွန်မတို့ဆရာက တအံ့တသြ မှတ်ချက်ပေးခဲ့ပါတယ်။ “သြော် သူအားကျတဲ့လူက သူ့ထက်မြန်သကိုး” လို့ စိတ်ထဲက တွေးမိတဲ့ကျွန်မနဲ့၊ ကျွန်မနဲ့အတွေးတူတဲ့ သူငယ်ချင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိခဲ့ကြပါတယ်။

ဘာကြောင့် သူတို့က ပိုမြန်ပြီး ပိုအလုပ်လုပ်နိုင်ရတာလဲ။ သူတို့အလုပ်လုပ်ရာမှာသုံးတဲ့ အကူပစ္စည်းတွေ (Physical capital or capital goods)၊ ကျွမ်းကျင်မှု (skills)၊ နဲ့ နည်းလမ်း (technologies) တွေက သူများနိုင်ငံတွေထက် ပိုကောင်း ပိုသာနေလို့ပါပဲ။ US က လုပ်သားတစ်ဦး အလုပ်ပြီးဖို့သုံးတဲ့ အဆင့်မြင့်စက်ပစ္စည်းများ၊ အဆောက်အဦ၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ capital goods တွေရဲ့ ပမာဏနဲ့တန်ဖိုးက အခြားနိုင်ငံများသုံးနိုင်တဲ့ ပမာဏနဲ့ တန်ဖိုးထက် ပိုများပါတယ်။ Capital goods တွေရှိပေမယ့် လုပ်သားက ဒီပစ္စည်းတွေကို ဘယ်လိုသုံးရမှန်းမသိရင် ဘာမှအလုပ်မဖြစ်ပါဘူး။ ကျွမ်းကျင်တဲ့လုပ်သား (Skilled Labor) များပါဝင်တဲ့ စိတ်ရောကိုယ်ပါ ကျန်းမာတဲ့လုပ်သားထု (Human Capital) ကို မွေးထုတ်ဖို့လိုပါတယ်။ အဲဒီအတွက် ပညာရေးကောင်းကောင်းလိုပါတယ်။ နောက်ထပ်အ ရေးပါတဲ့အချက်က Technology ပါ။ Technology (နည်းပညာ) မြင့်မားဖို့အတွက် Research and Development လိုပါတယ်။ ဓာတ်ခွဲခန်းကြီးထဲမှာ စမ်းသပ်မှုတွေဝင်လုပ်မှ၊ စာတမ်းတွေ အကြီးအကျယ်ရေးသားတင်ပြမှ Research and Development (R&D) လုပ်တာမဟုတ်ပါဘူး။ အလုပ်ခွင်မှာ ကုန်ထုတ်စွမ်းအားတိုးတက်စေဖို့ အသုံးမချနိုင်ဘူးဆိုရင် အဲ့ဒါ R&D မဟုတ်ပါဘူး။ အလုပ်လုပ်ရင်းနဲ့ကိုယ်လုပ်နေတဲ့အလုပ်ကို ဒီ့ထက်လွယ်ကူမြန်ဆန်ကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲကြံစည်စဉ်းစား ရှာဖွေနေခြင်းက R&D ပါပဲ။

အခုပြောခဲ့တဲ့ Physical Capital, Human Capital, နဲ့ Technology ဆိုတဲ့ အဓိကကျတဲ့ ၃ခုကို အနှစ်ချုပ်လိုက်ရင် ပညာရေးက အရေးအကြီးဆုံးဆိုတာကို တွေ့ရပါလိမ့်မယ်။

အမေရိကဟာ ဒီလို Physical Capital, Human Capital နဲ့ Technology တွေ အဆင့်မြင့်မားဖို့ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ သူတို့လူတွေကို ပညာတွေသင်ပေးခဲ့ပါတယ်။ တတ်တဲ့ပညာတွေကို အသုံးချနိုင်အောင် လမ်းတွေ ဖွင့်ပေးခဲ့ပါတယ်။ Physical capital တွေရဖို့အတွက် စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ပြည်သူတွေ လုပ်တတ်လာအောင် လုပ်နိုင်လာ အောင် ကြိုးစားခဲ့ကြပါတယ်။ အချုပ်ဆိုရရင် ဒီလို အဖက်ဖက်က ရင်းနှီးမြှုပ်နှံခဲ့လို့ ကုန်ထုတ်စွမ်းအားတိုးတက်ခဲ့ပြီး၊ ကုန်ထုတ်စွမ်းအားတိုးတက်မှုမှတဆင့် တိုင်းပြည်ဝင်ငွေတိုးတက်ခဲ့ကာ လူနေမှုအဆင့်မြင့်ခဲ့ပါတယ်။ ဆင်းရဲမွဲတေခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ကျန်းမာရေးချို့တဲ့မှု၊ စာရိတ္တနဲ့စိတ်ဓာတ်နိမ့်ဆင်းမှုတို့အပြင် ယဉ်ကျေးမှုနဲ့ လူမျိုးပပျောက်သွားမယ့် ဘေးအန္တရာယ်တို့က ထွက်မြောက်နိုင်ခဲ့ကြပါတယ်။

ကမ္ဘာကြီးရဲ့ နံပါတ်တစ်စီးပွားရေးအားကောင်းသူနေရာကို ကံကောင်းပြီးရောက်လာခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အလုပ်တွေကြိုးစားလို့ ရောက်ခဲ့ကြတာပါ။ တိုင်းပြည်တွေရဲ့လူနေမှုအဆင့် ကွဲပြားရခြင်း  အကြောင်းရင်းကို သိပြီးနောက်မှာ နောက်ထပ်မေးခွန်းတစ်ခု ထပ်ပေါ်လာပါတယ်။

အမေရိကရဲ့ လူနေမှုအဆင့်ကိုမှီဖို့ အခြားနိုင်ငံတွေအတွက် ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်ပါတယ်လို့ Economists တွေက အဖြေထုတ်ပါတယ်။ ၁၉ ရာစုမတိုင်ခင်မှာ US က အလွန်ဆင်းရဲခဲ့ပြီး အင်္ဂလန်က ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ ထို ၂ နိုင်ငံကလူများကို နှိုင်းယှဉ်ကြည့်ရင် မကွဲပြားဘူးလို့ မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ၁၉၅၀ မတိုင်ခင်နှစ်များမှာ ဥရောပ (EU) နိုင်ငံအချို့နဲ့ ဂျပန်တို့ရဲ့ လူနေမှုအဆင့်က US အောက် နိမ့်ခဲ့ပါတယ်။ အခုယှဉ်ကြည့်ကြမယ်ဆိုရင် သူတို့ ဘာမှသိပ်မကွာကြဘူးလို့ သင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ချမ်းသာတဲ့နိုင်ငံတွေကိုမှီအောင် ဘယ်လိုလိုက်ကြသလဲ။ အဖြေက အလွန်ရိုးရှင်းပါတယ်။ အဝေးပြေးလမ်းမပေါ်မှာ သင်ဟာ ၁နာရီ မိုင် ၅၀  နှုန်းနဲ့ကားမောင်းနေတယ်ဆိုပါစို့၊ သင့်ရှေ့ မိုင် ၁၀၀ အကွာမှာ အခြားသူတစ်ဦးကလည်း အလားတူနှုန်းနဲ့မောင်းနေခဲ့ရင် သင်ဟာသူ့ကို တွေ့ရမှာ မဟုတ်ပါဘူး။ သူ့ကိုမှီချင်ရင် သူ့ထက်မြန်တဲ့နှုန်း နဲ့သင်မောင်းရမှာ ဖြစ်ပါတယ်။ အချိန်ဘယ်လောက်ကြာမောင်းရမှာလဲဆိုတာကတော့ သင့်ရဲ့ အမြန်နှုန်းကို ဘယ်လောက်မြှင့်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သင့်ရဲ့အမြန်နှုန်းကို မြှင့်နိုင် လေလေ သူ့ကို မှီဖို့ အချိန်တိုလေလေပါပဲ။ ချမ်းသာတဲ့နိုင်ငံတွေနောက်ကို ပြေးလိုက်ဖို့ နှုန်းက ဘာပါလဲ။ တစ်ဦးကျဝင်ငွေတိုးတက်မှုနှုန်း ပါ။ နှစ်ပေါင်း ၁၀၀ အတွင်း ၁.၈% ရှိခဲ့တဲ့ US ကို မှီဖို့ဆိုရင် ၁.၈% ထက်မြင့်တဲ့နှုန်းကို ရဖို့လိုပါတယ်။ ၁ နှစ် ၂ နှစ် ၃ နှစ်စာ မဟုတ်ပါ၊ အနှစ် ၅၀ အနှစ် ၁၀၀ စာ အတွက်ဖြစ်ပါတယ်။

ဒီနေရာမှာ နောက်ထပ်မေးခွန်းတစ်ခု ထပ်ရောက်လာပြန်ပါတယ်။ ကျွန်မတို့ ဘယ်လောက်အကြာကြီး ကြိုးစားရမှာလဲ၊ US က အင်္ဂလန်ကို မှီဖို့ အနှစ် ၁၀၀ ကျော်ကြာခဲ့တဲ့အတွက် အနှစ် ၁၀၀ ဆိုရင်တော့ မောပါတယ် မလိုက်တော့ပါဘူးလို့ စောစော လက်မလျှော့လိုက်ပါနဲ့နော်။ တောင်ကိုးရီးယားနိုင်ငံဟာ ၁၉၅၀ နှစ်များမှာ မြန်မာပြည်ထက် ဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ယခုသင်မြင်တွေ့နေရတဲ့ တောင်ကိုးရီးယားနိုင်ငံဟာ ဝင်ငွေအဆင့်မြင့်မားသောတိုင်းပြည်အဆင့် (High Income Country Status) ကို ရောက်ဖို့ ၃၅ နှစ်ပဲကြာခဲ့ပါတယ်။ ဘာကြောင့်လဲ။

သူတို့လူမျိုးတွေ အရမ်းအလုပ်လုပ်ခဲ့ကြလို့ဆိုတာ ငြင်းစရာ မရှိပါဘူး။ Globalization ကြောင့် အရင်းအနှီးတွေနဲ့ နည်းပညာတွေ စီးဝင်လာမှု (Capital and Technology Inflows) က သူတို့ကို ပြေးရတာ ပိုအားရှိစေခဲ့လို့လည်း ဖြစ်ပါတယ်။ တိုင်းပြည်တွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ နောက်ကျနေပြီဆိုတာ ဘယ်တော့မှမရှိဘူး လို့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘောဂဗေဒပညာရှင် (Development Economists) တွေကဆိုကြပါတယ်။ သူများတိုင်းပြည်တွေက ပြည်သူပြည်သားတွေ ခံစားရရှိနေတဲ့ ဖူလုံမှုရှိတဲ့ လူနေမှုဘဝကို ကျွန်မတို့  ပြည်သူပြည်သားတွေလည်း ခံစားရရှိဖို့ ကျွန်မတို့ တစ်ယောက်မကျန် အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ အစစအရာရာ ပိုအဆင်ပြေမြန်ဆန်လာတဲ့ ကမ္ဘာ့ရွာကြီးရဲ့ အကူအညီနဲ့ ကျွန်မတို့ ပြေးကြပါစို့နော်။ အနှစ် ၁၀၀ မကြာစေရပါဘူး။ သြော် ပြေးမယ်ဆိုမှ အရေးကြီးတာတစ်ခုပြောဖို့လိုနေ သေးတယ်။ ဘာပံ့ပိုးမှုမှမရှိဘဲပြေးရင် ကျွန်မတို့ အမောဖောက်ပြီး သေရင်သေ၊ မသေရင် စိတ်ဓာတ်ကျပြီး အပြေးရပ်ဖို့ ရှိပါတယ်၊ သက်လုံကောင်းဖို့ ပံ့ပိုးရမယ့်သူ တစ်ဦးမဖြစ်မနေလိုနေပါ သေးတယ်။ အဲဒီသူကတော့ “အစိုးရ” ဖြစ်ပါတယ်။ အစိုးရသည် Long-Run Economic Growth ကို ပံ့ပိုးပေးတဲ့အစိုးရဖြစ်နိုင်သလို ပိတ်ဆို့ပစ်တဲ့အစိုးရ (သိရက်နှင့်သော်လည်းကောင်း မသိနားမလည်၍သော် လည်းကောင်း) ဖြစ်နိုင်ပါတယ်။ အစိုးရသည် အခြေခံ ပညာရေး ကျန်းမာရေး တို့အပြင် ရေ၊မီး၊လမ်းတံတား အစရှိတဲ့ Infrastructure တွေကို အဓိက တာဝန်ယူပံ့ပိုး ပေးရမှာဖြစ်ပါတယ်။ စုဆောင်းမှုများကို ရင်းနှီးမြှုပ်နှံမှုများအဖြစ် အသွင်ပြောင်းပေးနိုင်တဲ့  ခိုင်မာတဲ့ဘဏ်စနစ်ကို ထူထောင်ပေးနိုင်သော၊ Research and Development ကိုလည်း မြှင့်တင်ပေးနိုင်သော အစိုးရဖြစ်ရပါမယ်။ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်တဲ့၊ တရားမျှတတဲ့ စည်းမျဉ်းဥပဒေတွေကို ချမှတ်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့လည်းလိုပါတယ်။ ကျွန်မတို့ အမောမဖောက်ရစေဖို့ အစိုးရ ကောင်းကောင်းလိုတယ် ဆိုတာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ ဤနေရာအထိက Importance of Long-Run Economic Growth ကိုရှင်းပြခြင်းဖြစ်ပြီး စာခိုးချခြင်းလျော့ကျဖို့ဆိုတဲ့ စကားကို ပြန် ကောက်ကြပါစို့။

လက်တွေ့ Data ရနိုင်ပုံကို IMF Website ထဲကိုဝင်ပြီး ကျောင်းသားတွေကိုပြပါတယ်။ (သင့်လျော်မှုရှိတဲ့ အခြား Website များကိုလည်း သုံးနိုင်ပါတယ်) ထို့နောက် ဒီ Lecture မှနားလည်မှုကို လက်တွေ့ အသုံးချနိုင်မယ့် ပုစ္ဆာတစ်ပုဒ်ကို ပြဌာန်းစာအုပ်မှယူပြီး နမူနာတွက်ပြပါတယ်၊ အိမ်စာလည်းပေးလိုက်ပါတယ်။ စာမေးပွဲမေးခွန်းက အတန်းထဲမှာ သင်ထားတာကို သေသေချာချာ နား ထောင်ထားပြီး ဘယ်လို apply လုပ်ရမလဲ ဆိုတာကို နားလည်တဲ့ ကျောင်းသားအများစု ဖြေနိုင်အောင် ထုတ်ပါတယ်။ နမူနာလေးပေးပါရစေ။

မေးခွန်း။ ။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်၏တစ်ဦးကျဝင်ငွေမှာ အမေရိကန်ဒေါ်လာ 1626 ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံ၏ တစ်ဦးကျဝင်ငွေမှာ အမေရိကန်ဒေါ်လာ 31,950 ဖြစ်ခဲ့ပါသည်။ မြန်မာ နှင့် ကိုးရီယားတို့၏ ပျမ်းမျှတစ်ဦးကျဝင်ငွေ တိုးတက်မှုနှုန်းများမှာ လွန်ခဲ့သော ၁၀ နှစ်အတွင်း 9.77% နှင့် 5.91% တို့ အသီးသီးဖြစ်ကြပါသည်။ (မှတ်ချက် – အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ၂၀၁၄ ဧပြီလတွင် ထုတ်ဝေသော Data မှ ကောက်နှုတ်ထားပါသည်)

(က) တစ်ဦးကျဝင်ငွေတိုးတက်မှုနှုန်းများက ဤနှုန်းအတိုင်း နောင် အနှစ် ၅၀ အထိ တိုးတက်နေပါမည်ဆိုလျှင် အနှစ် ၅၀ ကြာသောအခါ မြန်မာ နှင့် တောင်ကိုးရီးယားတို့၏ တစ်ဦးကျဝင်ငွေများ မည်မျှရှိလာမည်နည်း။ ဖော်ပြပါ ပုံသေနည်းကို အသုံးပြု၍ သင်၏အဖြေကို သုံးသပ်ပါ။

Future Value of x = x * (1+ y)^z ။

[x ဆိုသော ကိန်းရှင်တစ်ခု၏တိုးနှုန်းသည် y ဖြစ်ခဲ့မည်ဆိုလျှင် z နှစ်ကြာသောအခါ ဖြစ်လာမည့် x ၏ တန်ဖိုးကို အနာဂတ်တွင်ဖြစ်လာမည့်တန်ဖိုး Future Value ဟုခေါ်ပါသည်။ Scientific Calculator ကိုသုံးနိုင်ပါသည်]

အဖြေ။ ။ မြန်မာပြည် = 1,626 * [1+ (9.77/100)]^50 = 171,911 (US$)

တောင်ကိုးရီးယား = 31,950 * [1+ (5.91/100)]^50 = 564,052 (US$)

ဤနှုန်းအတိုင်းသွားပါက အနှစ် ၅၀ ကြာပြီးသော်လည်း မြန်မာက တောင်ကိုးရီးယား၏ လူနေမှုအဆင့်ကို မမှီသေးပါ။

(ခ) မေးခွန်း (က) မှ သင်၏ အဖြေအရဆိုလျှင် အနှစ် ၅၀ အတွင်း မြန်မာ၏တစ်ဦးကျဝင်ငွေသည် မည်သည့်နှုန်းဖြင့် တိုးတက်ရန်လိုသနည်း။ (ဤနေရာတွင် မသိကိန်းက y = တစ်ဦးကျဝင်ငွေတိုးတက်မှုနှုန်း ဖြစ်သွားပြီး အနှစ် ၅၀ မှာရှိမယ့် ကိုးရီးယားရဲ့ တစ်ဦးကျဝင်ငွေကို ယူသုံးရမှာဖြစ်ပါတယ်။)

အဖြေ။ ။ 1,626 * [1+ y]^50 = 564,052

y ရဲ့ တန်ဖိုးက 12.4% ဖြစ်တဲ့အတွက် အဲ့ဒီနှုန်းနဲ့ပြေးလိုက်မှ အနှစ် ၅၀ အတွင်း တောင်ကိုးရီးယားကိုမှီမှာ ဖြစ်ပါတယ်။

(ဂ) အကယ်၍ သင်သည် ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ဘောဂဗေဒပညာရှင် တစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံ၏စီးပွားရေးမူဝါဒများ ချမှတ်နေသူများကို မည်ကဲ့သို့သော အကြံဉာဏ်များပေးလိုပါသနည်း။

အဖြေ။ ။ကျောင်းသား၏ဆွေးနွေးမှုထဲမှာ အဓိကအချက်များကို ဖော်ပြဖို့လိုပေမယ့် သူ့ရဲ့  အခြားအတွေးအခေါ်ကောင်းများကိုလည်း သင့်တော်သလို အမှတ်ပေးပါတယ်။

ဤကဲ့သို့သောမေးခွန်းမျိုးကို ကူးချပြီးဖြေဖို့ မလွယ်ကူပါ။ ပုံသေနည်းက မေးခွန်းထဲမှာ  ထားပြီးဖြစ်တဲ့အတွက် အလွတ်ကျက်စရာလည်း ဘာမှမလိုပါဘူး။ အတန်းထဲမှာ နားထောင်ခဲ့ပြီး လေ့ကျင့်ခန်းကို လုပ်ထားဖူးမှသာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားအချင်းချင်းကူးမချဖို့ အတွက်တော့ ဆရာ ဆရာမ များမှ စောင့်ကြပ်ကြပါတယ်။ မတူညီတဲ့ စာသင်နှစ်တွေအတွက် မတူညီတဲ့မေးခွန်းဖြစ်အောင် သင့်လျော်သလို အပြောင်းအလဲလုပ်ပြီး ထုတ်ပါတယ်။

ဤနေရာအထိ အဆင့်မြင့်သင်္ချာမပါသေးပါ။ Future Value Formula ကိုသုံးခြင်းက ရိုးရိုးသင်္ချာဖြစ်ပါတယ်။ ဒီ Lecture နဲ့ Application အထိကို တိုးတက်တဲ့ နိုင်ငံတွေရဲ့ အထက်တန်းကျောင်း (၁၁ တန်း၊ ၁၂ တန်း) နဲ့ Bachelor  အဆင့်တွေမှာ သင်ကြားပေးကြပါတယ်။ သင်ရခြင်းအကြောင်းကတော့ တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ ဘယ်အသက်မွေးဝမ်းကျောင်းပညာနဲ့ပဲ လုပ်ကိုင်စားသောက်ပါစေ * သူနေတဲ့တိုင်းပြည် ဘယ်လမ်းကြောင်းကို ဦးတည်သွားနေသလဲ၊ * သူ ဘယ်သူ့အတွက် ဘာကြောင့် အလုပ်လုပ်နေသလဲ ဆိုတာတွေနဲ့အတူ * သူ ဘယ်နေရာက ပါဝင်နေသလဲ ဆိုတာကိုပါ နားလည်သိရှိစေဖို့ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီပွားရေးအဆောက်အဦအကြောင်းကို အမြဲနားစွင့်နေခြင်းမှတဆင့် သူ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့သူတွေဟာ တိုးတက်မှုလမ်းကြောင်း ကို သွားနေတဲ့နေရာမှာ လမ်းဖွင့်ပေးသူ တွေလား၊ ပိတ်ဆို့ထားသူတွေလားဆိုတာကို ကွဲကွဲပြားပြား သုံးသပ်နိုင်မှာဖြစ်ပြီး * ဘယ်သူ့ကိုခေါင်းဆောင်အဖြစ် ရွေးချယ်သင့်သလဲ ဆိုတာကိုလည်း ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ရှင်းရှင်းလင်းလင်းဆုံးဖြတ်နိုင်စေမှာ ဖြစ်ပါတယ်။

ဤကဲ့သို့ လက်တွေ့နှင့်ယှဉ်သော စာပေများကို သင်ကြားပေးနိုင်ကြမည်ဆိုလျှင် စာခိုးချမှုဆိုတဲ့ ကိစ္စလျော့နည်းသွားမှာ ဖြစ်တဲ့အပြင် တိုင်းပြည်အတွက် ကုန်ထုတ်လုပ်မှုတိုးမြှင့်စေမယ့် တကယ်လက်တွေ့အလုပ်လုပ်နိုင်တဲ့ လုပ်သားထုကြီး တဟုန်ထိုး ကြီးထွားလာမှာ ဖြစ်ပါတယ်။

ကျွန်မ ယခုသင်ကြားနေသော ထိုင်းနိုင်ငံ Assumption University မှာ ဘာသာရပ်အားလုံးကို လက်တွေ့အသုံးချနိုင်ဖို့ သင်ကြားပေးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူ ဆရာ ဆရာမများအနေဖြင့် အခြားနိုင်ငံများကဲ့သို့ သင်ကြားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

စကားချပ်အနေနဲ့ပြောလိုတာက စာရင်းကိုင်ပညာရှင် (Accountants) နှင့် စာရင်းအင်းပညာရှင် (Statisticians) များ၏ ကျွမ်းကျင်မှု မပါဘဲ Data များကို မှန်ကန်စွာ ကောက်ယူစီစစ်နိုင်ခြင်းမရှိပါ။ မှန်ကန်မှုရှိသော Data များကို လေ့လာသုံးသပ်နိုင်မှသာ လက်ရှိ နှင့် အနာဂတ် အတွက် မှန်ကန်သင့်လျော်တဲ့ Macroeconomic Policies များကိုချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုး တက်ဖို့၊ နိုင်ငံသားများ၏ လူနေမှုဘဝ မြင့်မားဖို့အတွက် အသုံးမဝင်သောဘာသာရပ် တစ်ခုမျှ မရှိဘူး ဆိုတာကို ကျွန်မတို့ နားလည်ထားပြီး ပညာရပ်အားလုံးကို တလေးတစား သင်ကြားသင်ယူနိုင်ကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲရှင်။ စာခိုးချမှုနဲ့ပက်သက်လို့ ကျွန်မနားလည်တွေ့ရှိသမျှကို ခြုံငုံသုံးသပ်ရမည်ဆိုပါလျှင် စာခိုးချခြင်းသည် ကျောင်းသားအပြစ် လုံးလုံးမဟုတ်ရပါ။ သင်ကြားရေးစနစ် ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ်။ စာခိုးချမှု လျော့နည်းစေဖို့ ကြိုးပမ်းမှုကို ဆရာ ဆရာမများဘက်မှ စတင်ရမှာ ဖြစ်ပါတယ်။ ကိုယ်သင်ကြားနေတဲ့ ဘာသာရပ်ကို တတ်နိုင်သမျှ လက်တွေ့ကျကျ နားလည်အသုံးချတတ်ဖို့ ကြိုးစားရင်း ကျောင်းသားများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခေါ်ယူရပါမယ်။ သင်ကြားရေးစနစ်ကောင်းမွန်လာဖို့ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းများ ရရှိနိုင်ရေးကိုလည်း တာဝန်ရှိသူတွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။ ဒီတစ်နှစ် မဖြစ်လာသေးရင်  နောက်တစ်နှစ်၊ တစ်နှစ် တစ်နှစ် တိုးတက်လာပြီး နောင် ၅ နှစ် ၁၀ နှစ်မှာ ကိုယ်တတ်သိနားလည်တာထက် ကျော်လွန်တဲ့အဆင့်ကို ရောက်အောင် သွားနိုင်တဲ့ တပည့်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်တဲ့ တကယ့် ဆရာအစစ်တွေ အမြောက်အမြားပေါ်ထွက်လာပြီး၊ တိုးတက်တဲ့နိုင်ငံတွေနောက်ကို ပြေးလိုက်နိုင်မယ့် သက်လုံကောင်း လုပ်သားထုကြီးကိုလည်း မွေးဖွားပေးနိုင်ကြလိမ့်မယ်ဆိုတာ မလွဲဧကန်ဖြစ်ပါတော့တယ်ရှင်။

 

Credit Sayerma Kyi Cin Thant ရေးသားပါသည်

MBA Knowledge Network