ထူးဆန်းသည့် မြင်ကွင်းတစ်ရပ်ဖြစ်သည်။ ရေပန်းတစ်ခုရှေ့တွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်။ ခေါင်းကို ဘယ်ညာစောင်းငဲ့ကာ ကျဆင်းလာသည့် ရေများကို ကသိုဏ်းရှုနေသည်။ သူ့အပါးသို့ ကျွန်မကပ်လာမိသည့်အခါ သူ၏ ညာဘက်လက်ချောင်းကလေးများကို မျက်နှာရှေ့တွင် တင်လိုက် ချလိုက်လုပ်နေကြောင်း မြင်တွေ့ရသည်။

ကျွန်မ ၁၁ နှစ်သမီးအရွယ်တွင် ကျွန်မတို့ သိပ္ပံသင်တန်းသားများ ပရင့်စတန်တက္ကသိုလ်သို့ အလည်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရေပန်းနားက လူမှာ အဲလ်ဘတ်အိုင်းစတိုင်း ဖြစ်နေပါသည်။

သူသည် မိနစ်ပေါင်း များစွာကြာအောင် လက်ချောင်းကလေးများကို ခပ်မြန်မြန် အတင်အချ ပြုလုပ်သည်။ ပြီးမှ ကျွန်မဖက်လှည့်ပြီး မေးလာသည်။

“သူငယ်မ ဒီလိုလုပ်တတ်သလား၊ ရေစက်ကလေးတွေကို တစ်ပေါက်ချင်းမြင်အောင် လုပ်နိုင်ပါ့မလား”

ကျွန်မသည် သူ့အတုကိုခိုးကာ ကျွန်မ၏ မျက်လုံးရှေ့တွင် လက်ချောင်းကလေးများကို အတင်အချပြုကြည့်သည်။ ရုတ်ချည်းဆိုသလိုပင် ရေပန်းမှ ဖြာကျလာသော ရေများသည် ရေတစ်စက်ချင်းကဲ့သို့ ထင်လာရသည်။ ကျွန်မတို့ နှစ်ဦးသား အတန်ကြာအောင်မတ်တပ်ရပ်ကာ အမြင်ပိုကောင်းအောင် ကြိုးစားကြသည်။ ထို့နောက်တွင် ပါမောက္ခကြီးသည် လှည့်ထွက်သွားရန် ဟန်ပြင်ရင်း ကျွန်မမျက်လုံးများကို လှမ်းကြည့်ပြီးမှ သည်လိုပြောသည်။

“သိပ္ပံပညာဆိုတာဟာ စူးစမ်းရှာဖွေရတဲ့အရာ၊ ပျော်စရာကောင်းတဲ့အရာဆိုတာ ဘယ်တော့မှ မမေ့နဲ့ကွယ့်”

ရာစုနှစ် တစ်ဝက်ခန့်ကြာသည့်နောက်တွင်တော့ ကျွန်မသည် ကမ္ဘာအရပ်ရပ်မှ လူကြီးလူငယ်အားလုံးအား အိုင်းစတိုင်း၏ “သိပ္ပံပညာဆိုတာ စူးစမ်းရှာဖွေရတာ ဖြစ်တယ်၊ စူးစမ်းရှာဖွေတာဟာ ပျော်စရာကောင်းတယ်” ဆိုသော စကားကို လက်ဆင့်ကမ်းရန် ကြိုးစားသည့်အလုပ်ကို လုပ်ကိုင်ခဲ့ ပါသည်။

သိပ္ပံပညာကို နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းအောင် သင်ပြပေးသည့် စာသင်ကျောင်းများ နည်းပါးလွန်းခြင်းကတော့ ဝမ်းနည်းစရာ ကောင်းသည်။ သိပ္ပံဘာသာ သင်ရိုးညွှန်းတမ်းများတွင် နိုင်ငံခြားဘာသာ သင်တန်းများထက် ဝေါဟာရအသစ်များကို ပို၍ ထည့်သွင်းလာကြသည်။ ပြဋ္ဌာန်းစာအုပ်များမှာ အဘိဓာန်စာအုပ်များလိုပင် ငြီးငွေ့စရာကောင်းနေသည်။ ရလဒ်အနေဖြင့် သိပ္ပံပညာသည် အိုင်းစတိုင်းကဲ့သို့ ဉာဏ်ထက်မြက်သည့် လူများအတွက်သာ ဖြစ်သည်ဟု ကလေးများ ထင်မှတ်လာကြသည်။

ကလေးများသည် ပင်ကိုယ်သဘာဝအရ သိပ္ပံပညာရှင်များအဖြစ် အစပျိုးခဲ့သည်ဟု ဆိုလျှင်တော့ ရယ်မောသူများ ပါလိမ့်မည်။ ကလေးများသည်သူတို့၏ ပတ်ဝန်းကျင်မှ ကမ္ဘာလောကကို စူးစမ်းဖွေရှာ ရန်အလိုလို စိတ်အားထက်သန်ကြပါသည်။

ကလေးများ သိပ္ပံဘာသာတွင် ပျော်ရွှင်လာအောင် ကူညီရန်မှာ လွယ်ကူပါသည်။ ဤသို့ပြုရန် သိပ္ပံဝေါဟာရများစွာ အသုံးပြုဖို့၊ တန်ဖိုးကြီးမားသည့် ဓာတ်ခွဲခန်းပစ္စည်းမှား အသုံးပြုဖို့ မလိုအပ်ပါ။ ကလေးများ၏ စူးစမ်းစပ်စုလိုစိတ်ကို မျှဝေခံစားတတ်ရန်သာ လိုအပ်ပါသည်။

အောက်တွင် ဖော်ပြထားသည့် ရိုးစင်းသော နည်းလမ်း ခြောက်သွယ်ကို အသုံးပြုကြည့်စေချင်ပါသည်။

ကလေးများ၏ အမေးစကားကို နားထောင်ပါ။

ကျွန်မသည် သိပ္ပံဘာသာဖြင့် အသက်မွေးမှုကို သင်ကြားရန် ခုနှစ်နှစ်အရွယ်ကလေးများရှိသည့် အတန်းတစ်တန်းသို့ ရောက်သွားသည်။ ကလေးများက ကျွန်မအား စာသင်ကြားခြင်းကိစ္စ၊ လစာကိစ္စ၊ ကျွန်မ၏ အလုပ်အကိုင်ကို သဘောကျခြင်း ရှိမရှိ ဆိုသည့် အစဉ်အလာ မေးခွန်းများကို မေးမြန်းကြသည်။ ကျွန်မအဖြေပေးပြီးသည့်အခါ သူတို့နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ နောက်ဆုံးမှ ကျွန်မ သည်လိုပြောလိုက်သည်။

“ကိုင်း-မင်းတို့ မှတ်သားထားတဲ့ မေးခွန်းတွေကို ဆရာမ ဖြေခဲ့ပြီးပြီ။ သိပ္ပံနဲ့ပတ်သက်ပြီး မေးမြန်းချင်တဲ့ ကိုယ်ပိုင်မေးခွန်းတွေများ ရှိကြသလား”

အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ယောက်ျားကလေးတစ်ယောက်က လက်ညိုးထောင်သည်။

“နှံကောင်တစ်ကောင် အစာစားတာ ဆရာမ မြင်ဖူးလား၊ သူတို့စားတဲ့ သစ်ရွက်မျိုး ကျွန်တော်စားကြည့်တော့ ဗိုက်နာလာတယ်၊ ဘာဖြစ်လို့လဲ”

သူတို့က နှစ်နာရီခန့်ကြာအောင် ကျွန်မအား မေးခွန်းများ တရစပ် မေးကြသည်။

“မျက်ရည်ကို ဘာတွေနဲ့ လုပ်ထားသလဲ”

“ပင့်ကူတွေ ပင့်ကူအိမ်ဖွဲ့တဲ့ ပစ္စည်းတွေကို ဘယ်ကရသလဲ”

“ကျွန်တော်ဟာ သွေးနဲ့လုပ်ထားတဲ့ အိတ်ကြီးလား၊ အသားလှီးမိတိုင်း သွေးတွေပဲ ကျွန်တော်မြင်ရတယ်”

စာဖတ်သူအနေဖြင့် ကလေးများ၏ မေးခွန်းကို မဖြေနိုင်ဘဲ ရှိကောင်းရှိမည်။ သို့ဆိုလျှင် “ငါလည်းမသိဘူးကွယ်၊ ဒါပေမယ့် တို့တစ်တွေပူးပေါင်းပြီး အဖြေရှာကြည့်တာပေါ့” ဟု ဖြေလျှင် သင့်ပါသည်။ ထို့နောက်မှ ကလေးများနှင့်အတူ အဖြေရှာနိုင်ပါသည်။

ရံဖန်ရံခါဆိုသလိုပင် စာဖတ်သူ၏ ကလေးငယ်သည် စာဖတ်သူ မပါဘဲနှင့် စူးစမ်းလေ့လာနေတတ်သည်။ သုံးနှစ်သမီးကလေးတစ်ဦး ကြမ်းပြင်ပေါ်သို့ ကြက်ဥများ ပစ်ချပုံကို မိခင်တစ်ဦးကြုံရဖူးသည်။ “ဒီဘောလုံးတွေက ခုန်လည်းမခုန်ဘူး” ဟု သမီးလေးက ပြောသည်။ ဤကိစ္စကို ဟာသလုပ်လိုက်လျှင် အထောက်အကူ ဖြစ်ပါသည်။

ဇာတ်ကြောင်းပြောပြပါ၊ အချက်အလက်များ အလွတ်ရွတ်မပြပါနှင့်။

ကလေးတစ်ယောက်၏ မေးခွန်းအဖြေကို စာဖတ်သူသိနေလျှင်ပင် ဆွေးနွေးရန် အချိန်မပေးဘဲ ချက်ချင်းဖြေကြားခြင်းမျိုး မပြုရန် ကြိုးစားထိန်းသိမ်းသင့်သည်။ ကလေးအမေးကို ချက်ချင်းဖြေကြားမိပါက သိပ္ပံပညာဆိုသည်မှာ လူကြီးများ၏ ခေါင်းထဲတွင် သိမ်းဆည်းထားသော အချက်အလက်များ သာဖြစ်သည်ဆိုသည့် ကလေးတို့၏ လွဲမှားယူဆချက်များကို အားဖြည့်ပေးသလို ဖြစ်သွားစေနိုင်သည်။ သိပ္ပံပညာဆိုသည်မှာ ရှင်းလင်းဖြေကြားရသည့် အကြောင်းအရာ ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဥရောပသို့ လေယာဉ်ဖြင့် ကျွန်မခရီးသွားရာတွင် ၁၁ နှစ်သားအရွယ် ကလေးငယ်တစ်ဦးနှင့် ဘေးချင်းယှဉ်ထိုင်ခဲ့ရသည်။ အချက်အလက်အချို့ကို စိစစ်အဖြေရှာရန် သင်္ချာတွက်စက်အား ကျွန်မအသုံးပြုနေပုံကို ကလေးငယ်က အကဲခတ်စောင့်ကြည့်နေသည်။ ထို့နောက် သူငယ်လေးက မေးသည်။

“ဒေါ်ဒေါ်တွက်ချက်လို့ပြီးသွားရင် အဖြေကိုဘယ်နေရာမှာ ရှာကြည့်မှာလဲ”

“ဒေါ်ဒေါ် ဖြေရှင်းနေတဲ့ ပြဿနာတွေရဲ့ အဖြေတွေဟာ ဘယ်စာအုပ်ထဲမှာမှ မရှိဘူးကွယ့်၊ အဖြေရှာဖို့က ဒေါ်ဒေါ့် အပေါ်မှာပဲ မူတည်တယ်”

“ဒါဆိုရင် ဒေါ်လေးအဖြေမှန်တယ်လို့ ဒေါ်လေးရဲ့ ဆရာက ပြောမှာလား”

“မပြောပါဘူး၊ ဒေါ်လေးရဲ့ ရလာဒ်တွေကို တခြားလူတွေကို ပြမယ်၊ ဒေါ်လေးရဲ့ အဖြေတွေကို ရှင်းပြမယ်၊ အဲဒီကိစ္စပြီးပြတ်အောင် ဆွေးနွေးကြမယ်ပေါ့”

“ဒါဆိုရင် ဒေါ်လေး မှန်သလားဆိုတာ ဆရာက ပြောမှာလား”

“ဘယ်ပြောပါ့မလဲကွယ်”

သူငယ်ကလေးက ဂရုဏာသက်ဟန်ဖြင့် သက်ပြင်းချသည်။

“တချို့ဆရာတွေက အဲဒီအတိုင်းချည်းပါပဲ”

သည်ကလေးငယ်အတွက် ကမ္ဘာလောကကြီးမှာ အဖြေမှန်၊ အဖြေမှားများဖြင့် ပြည့်နှက်နေသည်။ သိပ္ပံပညာသည် အချက်အလက်များမျှသာ မဟုတ်ကြောင်း အချက်အလက်များအတွက် အဓိပ္ပာယ် ဖော်ပေးရသည့် ကိစ္စဖြစ်ကြောင်း ကလေးငယ်မသိရှာပါ။ သဘာဝ၏ လုပ်ဆောင်ပုံများအကြောင်းကို ပြောလိုလျှင် အချက်အလက်များကို ဇာတ်လမ်းတစ်ပုဒ် ဖြစ်အောင် ဆင်ယူသင့်ပါသည်။

ကလေးမေးခွန်းကို အဖြေပေးရန် အကောင်းဆုံးနည်းလမ်းမှာ ဇာတ်လမ်းဆင်သည့်နည်းကို အတူ တကွ စတင်ဖန်တီးခြင်းပင် ဖြစ်သည်။ ညဘက်ကျလျှင် အဘယ်ကြောင့် မှောင်မိုက်ရသနည်းဟု မေးလာလျှင် “ညကို နေ့ထက်ပိုပြီး မှောင်အောင် ဘယ်လိုခြားနားချက်က ဖန်တီးသလဲဆိုတာ ကြည့်ကြရအောင်” ဆိုသော အဖြေမျိုး စမ်းကြည့်သင့်သည်။ ပျားများနေသည့်နေရာကို မေးလာမည်ဆိုပါက “တို့စောင့်ကြည့်ကြရအောင်၊ ပျားတွေ ဘယ်နေရာသွားကြသလဲဆိုတာ မြင်ချင်မြင်ရမှာပေါ့” ဟု ပြန်ဖြေသင့်သည်။ ‘တို့အဖြေရှာကြည့်ကြမယ်’ ဆိုသည့် အဖြေမျိုး ပေးနိုင်ရန် အမြဲတမ်း အဆင်သင့်ပြင်ထားပါ။

စဉ်းစားရန် အချိန်ပေးပါ

အရွယ်ရောက်သူများသည် အဖြေကို မြန်မြန်ဆန်ဆန် လိုချင်ကြသည့် အကျင့်ဆိုးရှိသည်ဟု နာမည်ကြီးကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်အတွင်း လေ့လာစူးစမ်းမှုများအရ လူကြီးများသည် ထုံးစံအားဖြင့် အဖြေရရန် တစ်စက္ကန့်လောက်သာ စောင့်တတ်ကြသည်။ သို့မဟုတ် ချက်ချင်းတုံ့ပြန် အဖြေရရှိလိုကြသည်ဟု ဆိုသည်။ ကလေးများအနေဖြင့် စဉ်းစားရန် အချိန်မရကြပါ။ လူကြီးများက အဖြေရရန် သုံးစက္ကန့်နှင့်အထက် စောင့်ဆိုင်းလျှင်တော့ ကလေးများသည် ပို၍ ကျိုးကြောင်းဆီလျော်သော၊ ပို၍ ပြည့်စုံသော၊ ပို၍ ဖန်တီးမှုပါသော အဖြေများ ပေးလာနိုင်ကြပါသည်။

ကျွန်မသည် လေဖိအားအကြောင်း သင်ကြားသည့်အနေဖြင့် ရော်ဘာလေစုပ်ခွက်နှစ်ခုကို ဖိကပ်ကာ အထဲမှ လေများအကုန်ထွက်ပြီး တစ်ခုနှင့်တစ်ခု တင်းတင်းကျပ်ကျပ် စုပ်ယူသည်အထိ ထားပြခဲ့သည်။ ရော်ဘာလေစုပ်ခွက်နှစ်ခုကို ခွာထုတ်ရန် ကလေးနှစ်ယောက် အတင်းအကြပ်ကြိုးစားကြရသည်။ “ဒီလေစုပ်ခွက်နှစ်ခု ကွာသွားအောင် ဘာဖြစ်လို့ ဒီလောက်တောင်အားတွေ သုံးရတာလဲ” ဟု ကျွန်မ မေးကြည့်သည်။

မိနစ်အတော်များများ ကြာသည့်အချိန်တွင် ‘ရွန်’ အမည်ရှိ ကျောင်းသားကလေးက ဤသို့ ပြောပြသည်။ “လေစုပ်ခွက်နှစ်ခုကြားမှာ လေတွေပိတ်မိပြီး ထွက်ပေါက်ရှာပါတယ်၊ လေတွေ ပိတ်မိပြီး ထွက်ပေါက်ရှာပါတယ်၊ လေတွေအပြင်ကိုထွက်သွားကြတယ်၊ ဒါကြောင့်မို့ ဖောက်ခနဲ မြည်တဲ့အသံ ကြားရတာပါ”

ရွန်က သူ၏ လွဲမှားသည့် အယူအဆကိုဆက်ပြီး သက်သေပြနေသည်။ သို့သော်လည်း ကျွန်မ ဘာမှ ဝင်မပြောပါ။

ထို့နောက်တွင် မာဂရက် အမည်ရှိသည့် ကလေးမက သူစဉ်းစားထားသည်ကို ပြောပြသည်။

“မဟုတ်ပါဘူး ဆရာမ၊ လေစုပ်ခွက်ထဲက လေတွေ အားလုံးထွက်သွားလို့ အဲဒီလို နှစ်ခုခွာမရအောင် ဖြစ်သွားတာပါ”

မာဂရက်က လေစုပ်ခွက်ကို ကြမ်းပြင်နှင့် ခွာမရအောင် ကပ်မိသွားသည်အထိ ဖိထားသည်။ လေစုပ် ခွက်ထဲမှ လေများအပြင်သို့ အကုန်လုံး ထွက်သွားသည်နှင့်တစ်ပြိုင်နက် လေစုပ်ခွက်အတွင်းရှိ လေဖိအားသည် အပြင်ဘက်ရှိ လေဖိအားထက်ပို၍ လျော့နည်းသွားသည်ကို သက်သေပြခြင်းပင် ဖြစ်သည်။

ကလေးများကို ဘာအကြောင်းစဉ်းစားပါဟု ပြောမည့်အစား သူတို့ကိုယ်တိုင် စဉ်းစားတတ်အောင် အချိန်ပေးပါ။ ကလေးတစ်ယောက် အဖြေမှားခဲ့လျှင် စိတ်ရှည်သည်းခံပါ။ လိုအပ်သည့်အချိန်တွင် နိမိတ်ပြမေးခွန်းတချို့ မေးမြန်းခြင်းဖြင့် ကလေးတို့၏ ပြဿနာကို ကူညီဖြေရှင်းနိုင်ပါသည်။

စကားလုံးအသုံးအနှုန်းကို ဂရုစိုက်ပါ

ကလေးတစ်ယောက်ကို သိပ္ပံရေးရာတွင် ဝင်ရောက်ဆွေးနွေးခိုင်းနိုင်သည့်အချိန်တွင် “ဒါမှန်တာပေါ့” “သိပ်ကောင်းတာပေါ့” ဆိုသော စကားမျိုးကို မပြောမိပါစေနှင့်။ သည်လို စကားမျိုးမှာ ကလေးတစ်ဦး ၏အမူအကျင့်ကို အားပေးလိုသည့်အခါမျိုးတွင် အလွန်ပင် အသုံးတည့်ပါသည်။ သို့သော်လည်း သိပ္ပံအကြောင်း ပြောဆိုနေသည့် အခါမျိုးတွင် သည်လိုလျင်မြန်စွာ ချီးမွမ်းခြင်းကြောင့် ဆွေးနွေးပွဲ ပြီးဆုံးပြီ ဟု သဘောသက်ရောက်သွားစေနိုင်သည်။ သို့ဖြစ်၍ ကလေးများကို ချီးမွမ်းမည့်အစား “မင်း စကားက စိတ်ဝင်စားစရာ ကောင်းတယ်” မင်းလိုအရင်က ဆရာတစ်ခါမှ မစဉ်းစားမိခဲ့ဘူး” ဆိုသော စကားမျိုး၊ သို့မဟုတ် နောက်ထပ် မေးခွန်းထုတ်ခြင်း၊ စိတ်ကူးပေးခြင်းမျိုးကိုသာ ပြောဆိုသင့်သည်။

ကလေးများကို “စဉ်းစားစမ်း” ဟု ဘယ်တော့မှ အတင်းအကြပ် မစေခိုင်းပါနှင့်။ ဤသို့စေခိုင်းခြင်းမှာ အဓိပ္ပာယ်မရှိပါ။ ကလေးများသည် သင်မစေခိုင်းသော်လည်း အမြဲတမ်း စဉ်းစားတွေးတောနေသူများ ဖြစ်သည်။ “စဉ်းစားစမ်း” ဟု ပြောဆိုခြင်းဖြင့် အပြန်အလှန် ပြောဆိုနေသော ကိစ္စသည် သရုပ်ဆောင်ပြရသည့် ကိစ္စမျိုးအသွင်ပြောင်းသွားနိုင်သည်။ ကလေးများသည် သင်မကျေနပ်သည့် အဖြစ်ကို အနည်းဆုံး ခံစားရစေရန် သင်လိုချင်သည့်အဖြေကို စကားလုံးအနည်းဆုံးဖြင့် ပြောပြနိုင်အောင် ကြိုးစားရှာဖွေတတ်ကြပါသည်။

“ဘာဖြစ်လို့….” ဆိုသည့် မေးခွန်းမျိုး မမေးမိအောင်လည်း ရှောင်ကြဉ်ပါ။ ကလေးအများစုသည် သူတို့၏ အမူအကျင့်များကို ဝေဖန်ခံရသည့်အခါမျိုးတွင် “ဘာဖြစ်လို့…” ဆိုသော မေးခွန်းမျိုးကို ကြားဖူးနားဝ ရှိနေကြသည်။ “ဘာဖြစ်လို့ မင်းရဲ့အခန်းက ရှုပ်ပွနေရတာလဲ” “ဘာဖြစ်လို့ မင်းယဉ်ယဉ် ကျေးကျေး မဆက်ဆံတတ်ရတာလဲ” ဆိုသော အမေးများကို နားယဉ်နေတတ်ကြသည်။ သို့ဖြစ်၍ “ဘယ်လိုလုပ်ကြမလဲ” ဆိုသော စကားမျိုးကိုသာ ကျွန်မမေးလေ့ရှိပါသည်။

ကလေးတစ်ယောက်၏ စကားအသုံးအနှုန်းကိုလည်း အကဲခတ်ပါ၊ “နေမင်းကြီးဆိုတာက…” ဆိုသော ပြန်မေးသလိုုလို စကားမျိုးလည်း သူ့အနေဖြင့် ဆက်လက်ပြီး ဆွေးနွေးငြင်းခုန်ခြင်း မပြုတော့ဟု ဆိုလိုရာ ရောက်သည်။ ကလေးငယ်သည် “အဖြေမှန်” ရဖို့ကိုသာ ကြိုးစားနေခြင်း ဖြစ်ပါသည်။

လက်တွေ့ပြပါ၊ စကားမပြောပါနှင့်။

သဘာဝ၏ လက်တွေ့ အဓိပ္ပာယ်ဖော်ကျူးချက်များသည် ကလေးများ အနေဖြင့် စာအုပ်များ၊ ရုပ်မြင် သံကြား အစီအစဉ်များထဲမှ ရရှိသော သင်ခန်းစာများထက်ပို၍ အမှတ်တရ ဖြစ်စေနိုင်သည်။ ကလေးများကို သူတို့၏ လက်ချောင်းများအား မှန်ဘီလူးတစ်လက်အောက်တွင် ထားပြီးကြည့်ခိုင်းပါက အစားအသောက် မစားမီအဘယ်ကြောင့် လက်ဆေးကြရသည်ကို သူတို့နားလည်သွားကြလိမ့်မည်။ မှိုတက်သည့် ကိစ္စကို ပြောဆိုနေမည့်အစား ပေါင်မုန့်တစ်လုံးအပေါ်တွင် မှိုတက်အောင် လုပ်ပြပါ။ ရေသည် အငွေ့ပျံတတ်သည့်အကြောင်း ပြောဆိုမည့်အစား ရေနွေးတစ်အိုးတည်ပြီး ရေတဖြည်းဖြည်း ခမ်းပြီးနိမ့်ကျသွားပုံကို ပြသပါ။

သိပ္ပံပြတိုက်များသည် လက်တွေ့နာယူမှတ်သားနိုင်သည့် အခွင့်အလမ်းမျိုးစုံကို ဖန်တီးပေးနိုင်သည်။ “စကားတိုးတိုးပြောသော စလောင်းများ” သည် အသံလှိုင်းများ မည်သို့ ခရီးသွားပုံကို လက်တွေ့ သရုပ်ပြပေးသည်။ ရွေ့လျားမှုကို တိုင်းတာသည့် ကိရိယာများက ရေပန်းတွင်ကျွန်မအား အိုင်းစတိုင်း ပြသခဲ့သည့် အမြင်လှည့်စားမှုမျိုးကို ဖန်တီးပေးသည်။ ကလေးများကို ပြတိုက်တစ်ခုသို့ ခေါ်သွားမည်ဆိုလျှင် မိမိကိုယ်မိမိ လမ်းပြတစ်ဦးမဖြစ်အောင် ကြိုးစားပါ။ ကလေးများကိုယ်တိုင် ဦးဆောင်ပြီး သူတို့အများဆုံး စိတ်ဝင်စားသည်များကု စူးစမ်းလေ့လာခွင့်ပြုရပါမည်။

စွန်လွှတ်ခိုင်းပါ။

နိစ္စဓူဝလုပ်ငန်းများသည် သိပ္ပံပညာအတွက် ဆွဲဆောင်မှုရှိသော သင်ခန်းစာများကို ဖြည့်ဆည်းပေးနိုင်သည်။ ကလေးများသည် စွန်လွှတ်ကစားခြင်းဖြင့် ရူပဗေဒနှင့် အင်ဂျင်နီယာပညာများအကြောင်းကို များစွာ မှတ်သားနာယူနိုင်ကြသည်၊

ပေါ့ပါးသည့် သစ်သား၊ ကြိုးနှင့် စက္ကူများကို အသုံးပြုပြီး ကိုယ်ပိုင်စွန်တစ်ခု ပြုလုပ်ပါ။ ညနေခင်း စွန်လွှတ်ကစားပြီးချိန်တွင် စာဖတ်သူ၏ ကလေးများသည် သိပ္ပံပညာဆိုင်ရာ အကျိုးတရား၊ အကြောင်းတရားများ၏ အခြေခံသင်ခန်းစာများကို နားလည်လာကြလိမ့်မည်။ လေတိုက်ခတ်ရာ လမ်းကြောင်းနှင့် လေတိုက်သည့်ပြင်းအားများသည် အမြင့်ကို လိုက်၍ ပြောင်းလဲကြောင်းကို ကလေးများ သိလာကြလိမ့်မည်။ စွန်တစ်ခုတွင် တပ်ဆင်ပြီးသား ဆုပေးစနစ်တစ်ခု ပါရှိသည်။ စွန်တစ်ခုကို ပို၍ ကောင်းအောင်ပြုလုပ်နိုင်သည်နှင့်အမျှ ပို၍ မြင့်မြင့် ပျံနိုင်သည်။ ပို၍ ဣန္ဒြေရှိရှိ ပျံသန်းနိုင်သည်။

စွန်လွှတ်ခြင်းဖြင့်သာ အဆိုပါဆုလာဘ်မျိုးကို ရရှိသည်မဟုတ်ပါ။ ဆိုင်တွင် စျေးဝယ်သည့် တွန်းလှည်းတစ်စီးပြုလုပ်ပြီး တွန်းလှည်းဒီဇိုင်းပေါ် မူတည်၍ အနှေးအမြန်ရှိပုံကို ကြည့်မြင်သုံးသပ်နိုင်သည်။ သစ်သားတုံးကလေးများဖြင့် မိုးပျံအဆောက်အအုံ အငယ်စားတစ်ခု ပြုလုပ်ပြီး မည်သည့်ပုံစံမျိုးက တည်ငြိမ်မှုအရှိဆုံး ဖြစ်သည်ကို ကြည့်မြင်နိုင်သည်။

ကစားစရာ သစ်သားတုံးငယ် အမျိုးမျိုးဖြင့် တည်ဆောက်ရေး စီမံကိန်းမျိုးစုံကို ဖန်တီးယူနိုင်သည်။ အလုပ်လုပ်သည့်သဘောပါဝင်သော ကစားစရာမျိုးကို ရွေးချယ်ဝယ်ယူပါ။ ကလေးများ စိတ်ချလက်ချ တစ်စစီ ဖြုတ်ပြီး ပြန်လည်တပ်ဆင်နိုင်သည့် ကစားစရာမျိုးကို ဝယ်ယူအသုံးပြုလျှင် ပို၍ကောင်းမွန်ပါသည်။

မိမိကလေးများ၏ စူးစမ်း စပ်စုလိုစိတ်ကို မျှဝေခံစားခြင်းဖြင့် စာဖတ်သူသည် ကလေးငယ်များအား သိပ္ပံလောကအတွက် သက်သက်သာမက အဖိုးတန်သင်ခန်းစာများကို ပေးနိုင်မည် ဖြစ်သည်။ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါတွင် ကလေးများအနေဖြင့် အဆုတ်မနစ် ဆက်လက်ကြိုးစား လိုစိတ်၊ လက်တွေ့စမ်းသပ်လိုစိတ်များ ပေါ်လာကြမည် ဖြစ်သည်။

လေ့လာဆည်းပူးခြင်းသည် လုပ်ရိုးလုပ်စဉ်ကိစ္စမဟုတ်ကြောင်း၊ စာသင်ကျောင်းတွင်သာ ဖြစ်ပေါ်ကြုံတွေ့ရသည့် ကိစ္စမျိုးမဟုတ်ကြောင်း ကလေးများပီပီပြင်ပြင် မြင်တွေ့လာကြလိမ့်မည်။ လေ့လာဆည်း ပူးခြင်းဆိုသည်မှာ တစ်သက်တာပတ်လုံး နေ့စဉ်ပျော်ရွှင်ကြည်နူး ရစေမည့်ကိစ္စသာ ဖြစ်ပါသည်။

 

Source: မောင်သိန်းဆု