ဦးဂျေဂျူဝိုင်ကို ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်တွင် တောင်ကြီးမြို့နယ်၊ မိုင်းသောက်အနောက် ကျေးရွာအုပ်စု၊ ပန့်ပုန်းရွာတွင် အဖဦးထွန်းပင်၊ အမိဒေါ်လေတို့မှ မွေးချင်း (၈) ယောက်အနက် သားကြီး သြရသအဖြစ် မွေးဖွားသန့်စင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး ယနေ့တိုင် သာသနာ့ဘောင်တွင် သာသနာ့တာဝန် ပရဟိတတာဝန်များကို ထမ်းဆောင်လျှက် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ဖောင်တော်ဆိုက်ရွာ၊ ပင်းတယဘုရားတောင်တော်ရှိ ပါရမီဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင် တာဝန်ယူထားသည်။

သင်တန်းအတွေ့အကြုံများမှာ မန္တလေးနေစဉ်တွင် ကွန်ပျူတာသင်တန်းကို ၂၀၀၃ ခုနှစ်တွင် စတင်သင်တန်းတက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်အထိ ကွန်ပျူတာသင်တန်းကို စွမ်းသမျှ ပြန်လည်ပို့ချခဲ့သည်။ ထို့နောက် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကွန်ပျူတာပညာများကို ဆက်လက်သင်ကြားပေးရင်း ကလျာဏမိတ္တိဖောင်ဒေးရှင်းမှ ပို့ချသော နောင်တောင်းဗုဒ္ဓလူငယ်သင်တန်းတွင် မှတ်တမ်းတင်သူ အဖြစ်မှ စတင်၍ ဖွံ့ဖြိုးရေးသင်တန်းလောကထဲကို ရောက်ခဲ့ပါသည်။ ထို့နောက် ၂၀၁၃ တွင် တဖန် လောကသာရကျောင်းများမှ ပေးပို့သော စဉ်းစားဆင်ခြင် စာသင်နည်းသင်တန်းတွင်လည်း မှတ်တမ်းတင်သူ ဆက်လက်ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ မိမိကိုယ်ကို သိရှိခြင်းသင်တန်းများ၊ စဉ်းစားဆင်ခြင်စာသင်နည်းသင်တန်းများ ပို့ချပေးခဲ့သည်။

စွမ်းရည်များ ထပ်မံဖြည့်ဆည်းရန်အတွက် ဂိုင်ယာ (GSMI) မှ ပို့ချသော ဆရာဖြစ်သင်တန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် တက်ရောက်သည်။ ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ပို့ချသော ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုသင်တန်းကို ၂၀၁၄ ခုနှစ်တွင် ထပ်မံတက်ရောက်သည်။ ထိုနှစ်များအတွင်း နောင်တောင်းတွင် ရက်ပေါင်း ၄၀ ကြာ စဉ်းစားဆင်ခြင် စာသင်တန်းသင်တန်းကို လောကသာရကျောင်းများနှင့် ပူးတွဲ၍ ပြုလုပ်ခဲ့သည်။ ထို့ပြင် နောင်တောင်းတွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများကို ဆရာဖြစ်သင်တန်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ဖွံ့ဖြိုးရေးဆရာသင်တန်း၊ ကျောင်းပြီးဆုံးအောင် မတက်ရောက်နိုင်သော လူငယ်များကို ကျေးလက်ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုသင်တန်း စသည့်သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ်ပို့ချလျက်ရှိသည်။

ထိုကာလများတွင် မိမိကိုယ်ကို သိရှိခြင်း အဆင့်မြင့်သင်တန်း၊ ငြိမ်းချမ်းရေးခေါင်းဆောင်မှုသင်တန်း၊ အကြမ်းမဖက် ဆက်သွယ်ဆက်ဆံရေးသင်တန်း၊ နက်ရှိုင်းသော ဒီမိုကရေစီသင်တန်း၊ ကျေးလက်သုတေသနပြုလုပ်နည်းသင်တန်း၊ အတိတ်ကိုကုစားခြင်းသင်တန်း စသည့်သင်တန်းများကိုလည်း ကိုယ်တိုင်တက်ရောက်ကာ မှတ်တမ်းပြုစုခဲ့သည်။

ဒေသအတွင်း နောင်ခမ်းသင်တန်းကျောင်း၊ ပုလဲမုံရွာ၊ ကွတ်ခိုင်၊ ကွန်အော်၊ ကာလိနှင့် ရွာငံစသည့် နေရာများသို့လည်း အလျဉ်းသင့်သလို သင်တန်းပေးလျက်ရှိသည်။ ယခုအချိန်တွင်လည်း နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ntaddons အဖွဲ့ဖွဲ့စည်းလျှက် နောင်တောင်းဆရာတော်၏ ခွင့်ပြချက်ဖြင့် လူငယ် (၆၀) အား ဆိုင်ကယ်ပြင်သင်တန်း၊ ဝရိန်သင်တန်းနှင့် ဝါးလက်မှုသင်တန်းကို သင်တန်းပေးလျက်ရှိသည်။