လျှပ်စစ်သံဂဟေလုပ်ငန်းတွင် လူတို့၏ပေါ့ဆမှုကြောင့်လည်းကောင်း စက်ကိရိယာများ၏ ချို့ယွင်းမှုကြောင့်လည်းကောင်း မကြာခဏ ဘေးအန္တရာယ်များ ဖြစ်လေ့ဖြစ်ထရှိပါသည်။ ထို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားသင့်ပါသည်။

ဓါတ်လိုက်ခြင်းလျှပ်စစ်ဂဟေလုပ်ငန်းများတွင် ဓါတ်လိုက်ခြင်းကြောင့် လူတို့၏ အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။

 

(၁)   လျှပ်စစ်ဓါတ်ရှိသော စက်အစိတ်အပိုင်းများကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ခြင်း မပြုရ။

(၂)    ခြောက်သွေ့၍ ထူသောအဝတ်များ (ဂျင်း စသည်ဝတ်နိုင်သည်) ၊ လက်အိတ်များကို ဝတ်ဆင်၍ လုပ်ကိုင်ပါ။ မီးလောင်လွယ်သော နိုင်လွန်စသည်များမဝတ်ရပါ။

(၃)   သင်၏ခန္ဓာကိုယ်နှင့် ကြမ်းပြင်နှင့် တိုက်ရိုက်ထိတွေ့ မနေစေရန် အမြဲသတိပြုရမည်။ ဖိနပ်ကို အထူးသတိပြုပါ။

(၄) သံဂဟေစက် (Welding Machine)၏ အစိတ်အပိုင်းများကို ဖြုတ်တပ်ပြုပြင်ရန် အတွက် လျှပ်စစ်ဓါတ်အား အဝင်လိုင်းကို ဖြတ်တောက်ပြီးမှ ပြုလုပ်ပါ။

(၅)   မြေစိုက်ကြိုးတပ်ဆင်ရန်အတွက် သက်ဆိုင်ရာနယ်မြေ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

(၆)   Welding Machine စက်ကို အသုံးပြုပြီး စက်မှမထွက်ခွာမီ လျှပ်စစ်ဓါတ်အား အဝင်ခလုတ်ကို ပိတ်ခဲ့ပါ။

(၇)   သံဂဟေချောင်းလက်ကိုင် (Electrode Holder)၏ လျှပ်ကာများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးပါ။

(၈)   သံဂဟေချောင်းလက်ကိုင် ပူလာသဖြင့် အေးစေရန် ရေတွင်နှစ်၍ အအေးခံခြင်း မပြုရ။ အလုပ်စားပွဲ (Working Table)ပေါ်တွင် ချမထားရ။

(၉)   သံဂဟေချောင်းလက်ကိုင် (Electrode Holder) တစ်ခုတည်းကို သံဂဟေစက်တစ်လုံးထက်ပိုပြီး ဓါတ်အားပေးပို့ခြင်း မပြုရ။

(၁၀) အရွယ်အစားမမှန်သော၊ ဟောင်းနွမ်းစုတ်ပြဲနေသော၊ စိုစွတ်နေသော ဝါယာကြိုးကို အသုံးမပြုရ။

(၁၁) အလုပ်လုပ်နေစဉ် Cable Wire ကြိုးဖြင့် သင့်ခန္ဓာကိုယ်အား ရစ်ပတ်မနေစေရ။

(၁၂)  သံဂဟေချောင်း (Electrode)သည် အလုပ်၏မျက်နှာပြင်တွင် စိုက်၍ကပ်နေသောအခါ လက်ဖြင့် ကိုင်တွယ်ဖြုတ်ခြင်း မပြုရ။

(၁၃) အမြင့်တစ်နေရာ၌ သံဂဟေလုပ်ကိုင်လျှင် လုံခြုံရေးသိုင်းကြိုးခါးပတ်များ ပတ်ထားပါ။