အရာနှစ်ခုကို ပေါင်းစပ်ပေးတာကို ဂဟေဆက်တာလို့ခေါ်ပါတယ်။ ဝါးတွေ သစ်တွေကိုကျတော့ လက်ဝါးအုပ်ဆက်စပ်တာ သံမိုနဲ့ရိုက်ဆက်လိုက်တာ အပေါက်ဖောက်ပြီး မူလီစုပ်လိုက်တာမျိုးဆက်လို့ရပါတယ်။ သံ သံချင်း၊ စတီး စတီးချင်တို့ အလွိုင်း အလွိုင်းချင်းဆက်တော့မယ်ဆိုရင်တော့ လျှပ်စစ်အကူအညီနဲ့ ဂဟေဆက်ရပါတော့မယ်။

ဂဟေဆက်နည်း အမျိုးပေါင်း ၇၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပင် ၇၀ ကျော်နေပါစေ ကျွန်တော်တို့ ရှမ်းပြည်အနေနဲ့ တနေ့တုန်းက တောင်ကြီးမှာ စျေးတက်ဝယ်တဲ့ အမှတ်တရအဖြစ် ဆိုင်က မေးတာ နှစ်မျိုးပဲ။

“ဝရိန်က သံကိုဆော်မှာလား စတီးကိုဆော်မှာလား”

ဒါပဲ။ Mig Welder ရှိလား။ Tig Welder ရှိလားတွေ နားမလည်ဘူး။

ဂဟေဆော်တဲ့အခါ အဆက်ခံသတ္ထုနှစ်ခုဟာ ပူပြီး ကျုံ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာပြင်က ခွက်သွားတာမျိုးပေါ့။ အဲဒါက တော်တော်ညံ့တဲ့ ဝရိန်ဆော်ချက်လို့ပြောရမယ်။ ဝရိန်ဆော်တဲ့အခါ မီးအပူချိန်ကို သေချာသိနေရပါမယ်။

ဝရိန်ချောင်းမှာက သတ္ထုချောင်းရယ် အဲဒီသတ္ထုချောင်းကို အုပ်ထားတဲ့ ချော်ရယ်ဆိုပြီးရှိမယ်။ ဆော်တဲ့အခါ အောက်က သတ္ထုနဲ့ ဝရိန်ချောင်းထဲပါတဲ့သတ္ထုတူရမယ်။ မတူရင် မဆက်ဘူးပေါ့ဗျာ။ ဆက်နေရင်လည်း တစ်ခုနဲ့တစ်ခု တွယ်နေတာလောက်ပဲ ဖြစ်နေလိမ့်မယ်။ အပြင်က ချော်ခဲကတော့ အငွေ့တွေထွက်တယ်ဗျာ။ (အဲဒီအငွေ့အကြောင်း ရှာပြီးရေးဦးမယ်၊ အန္တရာယ်အတော်ကြီးမယ်လို့ယူဆလို့) ဘာကြောင့် အန္တရာယ်ရှိရဲ့သားနဲ့ သုံးရသလဲဆိုရင်တော့ သတ္ထုချောင်းရဲ့ အရည်ပျော်အားက အပြင်လေနဲ့ထိရင် ပေါက်ကွဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ အဲဒါကြောင့်ဝရိန်ဆော်ရင် မျက်နှာဖုံးတပ်ကို တပ်ရပါတယ်။

ဝရိန်ဘယ်လိုဆော်မလဲ။ ဝရိန်စက်ကနေ လျှပ်စစ်ကြိုးကြီးနှစ်ချောင်းထွက်လာပါတယ်။ တချောင်းက အပ်ကြိုးလို့ခေါ်တယ်။ ကိုယ်ဆော်မယ့် သံချောင်း သံပြားစတဲ့တစ်ခုခုမှာ သူ့ကို လာညှပ်ထားရပါတယ်။ နောက်တစ်ခုက လက်ကိုင်လေးနဲ့ပါ။ အဲဒါလေးကိုင်ပြီး အထဲမှာ ဝရိန်ချောင်းကိုညှပ်ပြီး ဆော်ရတာပဲ။ ဆော်မယ်ဆိုရင်တော့ အစဆုံးမီးဖွင့်။ များသောအားဖြင့် မီးကို ၇၀ နှင့် ၈၀ ကြားလောက်ထားပေါ့။ သင်စလည်းဖြစ် ကျွမ်းလည်း မကျွမ်းသေးရင် အဲဒီမီးအားက သင့်တော်မယ်ထင်ပါတယ်။ ဆက်မယ့် သံချောင်း သို့တည်းမဟုတ် သံပြားက ထူနေရင်တော့ မီးကို နည်းနည်းတင်ပေါ့။ ပြီးတော့ မျက်နှာစည်းတပ်၊ မျက်မှန်တပ်ပြီး မီးခေါက်ကြည့်။ သို့မဟုတ် မီးခေါ်ကြည့်၊ ပွားကြည့်ပေါ့။ များသောအားဖြင့် ဒဲ့ခေါက်ရတယ်။ မီးထွက်လာပြီဆိုတာနဲ့ ဘယ်ညာ ယိမ်းခေါက်။ ပြီးတော့ မီးကို နည်းနည်းပါးပါးမွေး။ ပြီးတော့ ကိုယ်ဆော်မယ့် နေရာမှာ စမှတ်ချ။ စမှတ်မှာတော့ နည်းနည်းကလေး ပိုချရတယ်။ ဝရိန်ချောင်းအရည်တွေပျော်ပြီး ကျပြီဆိုရင်တော့ ဆက်ကြောင်းအတိုင်း ဆက်ပေါ့။ ဒါ အရိုးစင်းဆုံး ဝရိန်ဆော်နည်းပဲ။

ဝရိန်ချောင်းနဲ့ ကိုယ်ဆော်မယ့် သတ္ထုပြားတို့ရဲ့ အကွာအဝေး ဘယ်လောက်ထားရမလဲဆိုရင် ဆန်လုံးတစ်စေ့စာ ထားရမယ်။ ဝေးရင် မီးပွားမထွက်ဘူး။ နီးရင် ကပ်သွားမယ်။ ဆော်သွားတဲ့ပုံကတော့ များသောအားဖြင့် ဘယ်ကနေ ညာကို (စာရေးသလိုပဲ) ဆော်တာများတယ်။ ဝရိန်ချောင်းက အများဆုံး ခြောက်လက်မလောက်ပဲ ဆော်နိုင်တယ်။ အဲဒါဆိုရင် များသောအားဖြင့် ဝရိန်ချောင်းပြန်တပ်ရတာပဲ။ အဲဒီအခါ နည်းနည်းသတိထား။ ကိုယ်ဆော်နေတာနဲ့ ခပ်ခွာခွာ ဝရိန်ချောင်းကို ဖြုတ် ပြန်တပ်။

နောက်တချက် ဝရိန်ဆော်တာ ခပ်စောင်းစောင်းလေး ဆော်တာများတယ်။ အပေါ်တည့်တည့်ထောင်ပြီး ဆော်လည်းရတယ်။ ဒါပေမယ့် မြင်ကွင်းမရှင်းနိုင်ဘူး။ ဒါကြောင့် မြင်ကွင်းရှင်းအောင် စာရေးတဲ့အခါ ဘောလ်ပင်ကို လှဲထားသလောက်လဲပြီး ဆော်တာကောင်းတယ်။ စောင်းတာများသွားရင် မီးပွားစင်တာ များတတ်တယ်။ တော်ရုံလေးပဲ စောင်းတာကောင်းတယ်။

ကျွမ်းကျင်လာရင်တော့ ပထမအဆင့် ၂ မျိုးခွဲတယ်။ သံပြားနှစ်ပြားကို ဆက်တာက တမျိုး။ သံပြားနှစ်ခုကြား မြောင်းဖြစ်နေတာကို ဖြည့်ပြီးဆော်တာက တမျိုး။ ဒီနေရာမှာ နောက်တမျိုးက ဆော်ရင်း ဖြည့်ဆော်ရတာမို့ အဆင့်မြင့်တယ်တဲ့။ အလျားလိုက်ဆော်တာ ထောင်လိုက်ဆော်တာနဲ့ အပေါ်ကို လှမ်းဆော်ရတာစသဖြင့် အဆင့်ဆင့်နည်းနည်းစီ မြင့်လာတာလည်း ရှိမယ်။ အင်္ဂလိပ်လို ရိုးရိုးဆော်တတ်သူ ပိုတော်လာရင် 1F, 2F လို့ အဆင့်မှတ်တယ်။ မြောင်းဖြည့်ဆော်တတ်သူ နည်းနည်းပိုတော်လာရင် 1G, 2G လို့ အဆင့်မှတ်တယ်။

အဲဒီထက်မြင့်တာကတော့ ရေပိုက်တွေ ဂက်စပိုက်တွေ စတဲ့ပိုက်ကိုဆော်တာပဲ။ အလျားလိုက်ပိုက်ကို ဆက်တာ၊ အထောင်လိုက် ပိုက်ကိုဆက်တာ။ ပြီးတော့ နည်းနည်းစောင်းစောင်းလေးဆက်တာ။ ကြိုက်တဲ့ပုံစံလာ။ ဆော်နိုင်တာဆိုရင်တော့ ကျွမ်းကျင်အဆင့်ထဲမှာပါတယ်။

ဒါက အခြေခံရဲ့ အခြေခံအကြောင်း စရေးတာပါ။ အခု ဖော်ပြပါပုံတွေကတော့ နောင်းတောင်းပရဟိတမှာ ကျောင်းသားတွေကို သင်ပေးနေတဲ့ပုံဖြစ်ပါတယ်။ တစ်ခါက ဘကကျောင်းတွေဟာ အဋ္ဌာရသပညာရပ်ကို သင်ပေးခဲ့ကြတယ်။ အခုတကယ့်လက်တွေ့မှာလည်း ကျောင်းပညာအပြင် သက်မွေးပညာလည်း လိုအပ်လာပါပြီ။

Ntaddons ဝိုင်းတော်သားများ