Emotional Intelligence ခံစားမှုဉာဏ်ရည်ဆိုတာဘာလဲ။

မိမိရဲ့ကိုယ်ပိုင် ခံစားချက်တွေကို သိမြင်ပြီး ဘဝရဲ့လုပ်ငန်းဆောင်တာများပြီးမြောက်စေဖို့ရာ အဲဒီခံစားချက်တွေကို ထည့်သွင်းအသုံးပြုနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ခံစားချက်တွေကို ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အသုံးပြုခြင်း၊ စိတ်ဖိစီးမှု stress တွေ၊ ဝေဒနာတွေကို ခံစားရချိန်မှာ ထိန်းညှိနိုင်ခြင်းနှင့် အခြားသူများအပေါ် ခံစားနားလည်ပေးနိုင်ပြီး ဆက်ဆံနိုင်တဲ့စွမ်းရည်လို့လည်း အကျယ်နားလည်နိုင်ပါတယ်။

ခံစားမှုဉာဏ်ရည် Emotional intelligence ကို ဘာကြောင့် လေ့ကျင့်သင်ကြားပေးရပါသလဲ။

ကမ္ဘာကြီးအကြောင်းနဲ့ မိမိရဲ့ပတ်ဝန်းကျင်၊ မိမိရဲ့ကိုယ်ခန္ဓာအကြောင်းကို သင်ရိုးညွှန်းတမ်းတွေမှာ မြန်မာကျောင်းသူ ကျောင်းသားတွေဟာ လေ့လာကြရသလို မိမိရဲ့ ခံစားမှုတွေနဲ့ပတ်သက်လို့လည်း လေ့လာဖို့လိုအပ်လှပါတယ်။ ဆက်ဆံရေးပုံစံ မျိုးစုံကို ဖြတ်သန်းရင်း ဘဝရဲ့ အတက် အကျကို လျှောက်လှမ်းကျော်လွှားရတဲ့ ဒီခရီးမှာဖြင့် ကျောင်းသူကျောင်းသားတွေကို တန်ဖိုးမဖြတ်နိုင်လောက်အောင် အထောက်အကူ ပေးပါလိမ့်မယ်။

ခံစားမှုဉာဏ်ရည်နဲ့ပတ်သက်တဲ့ စွမ်းရည်အမျိုးမျိုးကို လေ့ကျင့်သင်ကြားပေးရခြင်းဟာ ဘာကြောင့်လဲဆိုတာကို ကြည့်ကြရအောင်။ ခံစားမှုတွေဖြစ်တဲ့ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြဗျာပါဒရှိခြင်း၊ ၀မ်းနည်းကြေကွဲခြင်းစတာတွေကို မထိန်းနိုင်၊ မသိမ်းနိုင်၊ မကိုင်တွယ်နိုင်ဘူးဆိုရင် တွေးတောစဉ်းစားမှု၊ ရွေးချယ်မှုနှင့် လုပ်ရပ်တွေဟာ ကမောက်ကမ ဖြစ်ရတော့မယ်။ ထိန့်လန့်တုန်လှုပ်တဲ့ ကြောက်စိတ်တွေကြီးစိုးဝင်ရောက်လာနိုင်ပြီး မိမိနှင့်အခြားသူတွေအပေါ်မှာ အန္တရာယ်ရှိတဲ့ အပြုအမူကိုတောင် လုပ်လာနိုင်ပါတယ်။

ခံစားမှုဉာဏ်ရည်ကို လေ့ကျင့်သင်ကြားပေးရခြင်းဟာ ကျောင်းသူကျောင်းသားများကို စိတ်ခံစားမှု၊ လူမှုဆက်ဆံရေး၊ ပညာရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုတို့မှာ လိုလားအပ်တဲ့ အယူအဆအမြင် သဘောထားနဲ့ အပြုအမူတွေ ရရှိပြည့်စုံကုံလုံပြီး ရွှင်လန်းချမ်းမြေ့ ကျန်းမာစေဖို့ ရည်ရွယ်ထားပါတယ်။

အောင်မြင်မှုအတွက် သော့ချက်ဟာ ခံစားမှုလို့ဆိုကြပါသေးတယ်။ ကျောင်းသူကျောင်းများရဲ့ခံစားချက်တွေကို “အစစ်အမှန်အနေနဲ့ရယ်၊ အရေးကြီးတယ်လို့ရယ်” အသိအမှတ်ပြုပေးပြီး သင့်တော်တဲ့ပုံစံနဲ့ ခံစားဖော်ပြခွင့်ပြုခြင်းဟာ ထိရောက်တဲ့ စာသင်ကြားခြင်းအတွက်လည်း ဖြစ်ပါတယ်။

ခံစားမှုဉာဏ်ရည်ကို ဘယ်လိုသင်ကြားပေးမလဲ။

  • ပန်းချီ၊ ဂီတ၊ အကစတဲ့ အနုပညာဘာသာရပ်များ၊ ဘာသာစာပေနှင့် ကာယပညာရေးသင်ခန်းစာများမှတဆင့် အခါအခွင့်သင့်တိုင်း ကျောင်းသူကျောင်းသားများဟာ ကိုယ်ပိုင်ခံစားချက်တွေကို ခံစားဖော်ပြခွင့်ပေးနိုင်ဖို့ စီစဉ်ပြင်ဆင်ပါ။
  • အခြေခံအကျဆုံးခံစားမှုတွေကတော့ အရူးအမူး၊ ၀မ်းနည်းကြေကွဲ၊ ၀မ်းသာ၊ ကြောက်ရွံ့ထိတ်လန့်၊ အံ့သြ၊ မနှစ်မြို့ခြင်းတို့ပါဘဲ။ ဒီခံစားမှုတွေရဲ့ အတိမ်အနက်ကို သိမြင်နားလည်စေသင့်တယ်။ မိမိရဲဲ့ကိုယ်ပိုင်ခံစားချက်တွေနဲ့ အခြားသူငယ်ချင်းများရဲ့ခံစားချက်တွေကိုလည်း သိမြင်ခံစားတတ်ဖို့ လေ့ကျင့်ပေးရမှာပါ။
  • တစ်ခါတစ်လေတော့လည်း မွန်းကြပ်တဲ့ ခံစားနေရမှုကို ထုတ်ဖော်နိုင်ခွင့်ပေးသင့်ပါတယ်။ စာသင်ခန်းတွင်းမှာဘဲဖြစ်စေ၊ ကျောင်းဝင်းအတွင်းမှာဖြစ်စေ သူတို့တစ်ဦးတည်း နေခွင့်ရခြင်း၊ စဉ်းစားတွေးတောခွင့်ရခြင်းနဲ့ ပိတ်ဆို့ပြည့်သိပ်နေတဲ့ ခံစားချက်တွေကို အန္ဓာရာယ်မရှိဘဲ ဖြေလျော့ခွင့်ပေးနိုင်အောင် စီစဉ်ထားသင့်တယ်။
  • ကျောင်းစာသင်ချိန်တွင်း သင်ရိုးညွှန်းတမ်းမှာလည်း ကလေးတွေရဲ့စိုးရိမ်နေမှုတွေ၊ ကြောက်လန့်နေမှုတွေကို ဆွေးနွေးပြောဆိုဖို့ရာ အချိန်ပေးပါ။ မိမိရဲ့ခံစားချက်တွေ၊ စိုးရိမ်စိတ်တွေကို မပြသ၊ မပြောလို့တဲ့ ကလေးတွေအတွက် အခြားပုံစံတစ်မျိုးမျိုးကို ပြောင်းလဲစီစဉ်ပေးရပါလိမ့်မယ်။ ဥပမာအနေနဲ့ စာသင်ခန်းအတွင်းမှာ “အားလုံးရဲ့ပုံး” လို့အမည်တပ်ထားတဲ့ စက္ကူသေတ္တာပုံးငယ်လေးတစ်လုံးထားရှိပြီး ကလေးတွေဟာ သူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို ရေးသားပြီး ထည့်ထားလို့ရတယ်။ ခံစားမှု မျက်နှာပုံစံအမျိုးမျိုးဘတ်တံဆိပ်၊ ရုပ်ပုံ၊ သင်္ကေတ၊ စတစ်ကာတွေကို ဖန်တီးခြင်း၊ တပ်ဆင်ခြင်း၊ ခင်းကျင်းပြသခြင်းတွေလုပ်နိုင်တယ်။ “ပန်းပွင့်လေးလို လန်းနေတယ်၊” “ပျားကလေးလို အလုပ်ရှုပ်လိုက်တာ”၊ “ဒီနေ့ ကျွန်တော်ခံစားနေရတာကတော့——-” စသဖြင့်လည်း ရေးသား သီကုံးခွင့်တွေ ပေးလို့ရသေးတယ်။
  • ဆရာဆရာမကိုယ်တိုင် ဘယ်ခံစားချက်မျိုးတွေကို သိသိသာသာ ဦးစားပေး ဆွေးနွေးသလဲ၊ ဘယ်လိုခံစားချက်မျိုးတွေကိုတော့ သိပ်မဆွေးနွေးဘူးဆိုတာလည်း သိရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာကို စဉ်းစားပါ။

သင်ခန်းစာအချို့ကို မိတ်ဆက်ပေးပါရစေ။

ခံစားမှုဉာဏ်ရည်သင်ခန်းစာတွေကို တစ်ဦးအလိုက်၊ အုပ်စုငယ်အလိုက် အဆင့်သင့် အသုံးပြုလို့ရအောင် စီစဉ်ထားပါတယ်။ ဉာဏ်ဖွင့်စဉ်းစားတွေးတော နိုင်စေဖို့ရည်ရွယ်ရင်းပါ။ မိမိရဲ့ခံစားချက်တွေရယ်၊ သူငယ်ချင်းတွေရဲ့ခံစားချက်တွေရယ်ကို အပြန်အလှန်ပြောဆိုဆွေးနွေးခြင်းအတွက်လည်း အားပေးထားတယ်။ သင်ရိုးညွှန်းတမ်းထဲမှာ ဘယ်လိုနေရာ ပေးရမလဲဆိုတာလည်း စဉ်းစားနိုင်အောင်ထည့်သွင်းထားပါတယ်။ ဆရာဆရာမတို့ရဲ့စာသင်ခန်းတွေအလိုက် သင်ခန်းစာတွေ၊ သင်ကြားနည်းတွေကို တီထွင်ကြံဆနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ အဲဒီအတွက်ဒီသင်ခန်းစာများက ထောက်ကူပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ အကြံဉာဏ်တွေအများကြီးပေးထားလို့လည်း ခံစားမှုဉာဏ်ရည်သင်ခန်းစာတွေကို ထိရောက်အောင်လေ့ကျင့်သင်ကြားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

နောက်ဆက်တွဲစာမျက်နှာများမှာ ခံစားမှုဉာဏ်ရည်ဆိုင်ရာ အစိတ်အပိုင်း ၅ မျိုးအတွက် လေ့ကျင့်သင်ကြားရမယ့်စွမ်းရည်တွေရယ်၊ စာသင်ကြားခြင်း-သင်ယူခြင်းနည်းလမ်းအသွယ်သွယ်ကိုလည်း ဖော်ပြထားပါတယ်။ EI အစိတ်အပိုင်း ၅ မျိုးကတော့ –

(၁) ဆက်ဆံရေးများကို ထိန်းသိမ်းကိုင်တွယ်တတ်ခြင်း

(၂) ခံစားမှုများကို သိမြင်နားလည်ခြင်း

(၃) ခံစားမှုများကို ထိန်းသိမ်းကိုင်တွယ်တတ်ခြင်း

(၄) စိတ်စေ့ဆော်မှု

(၅) ကိုယ်ချင်းစာစိတ်

ကျောင်းသူကျောင်းတွေရဲ့သင်ယူလေ့လာမှုပုံစံတွေတစ်ဦးနဲ့တစ်ဦးမတူညီတတ်ဘူးဆိုတာကို ဆရာဆရာမတို့သိရှိပြီးသားပါ။ ဒါကြောင့် သင်ခန်းစာတွေကို မိတ်ဆက်သင်ကြားရာမှာ ဘယ်သင်နည်းတွေကို အသုံးပြုမလဲဆိုတာစဉ်းစားရွေးချယ်ရပါလိမ့်မယ်။ ခံစားမှုဉာဏ်ရည်ကို မိတ်ဆက်ပေးဖို့ရာ နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့အတွက် လမ်းညွှန်ဇယားကို အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ ခံစားမှုဉာဏ်ရည်ရဲ့ အစိတ်အပိုင်းအားလုံးကို လေ့ကျင့်သင်ကြားနိုင်တဲ့ သင်ခန်းစာကို တည်ဆောက်နိုင်သလို အစိတ်အပိုင်းတစ်ခုခုကို ရွေးချယ်ပြီးလည်း သင်ကြားနိုင်ပါတယ်။

သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းလမ်းညွှန် – ခံစားမှုဉာဏ်ရည် သင်ရိုးအညွန်းဘောင်

သင်ရိုးညွန်းတမ်းတွင်  – မိမိကိုယ်ကို သိနားလည်မှု – လိုအင်ကို ရွေးချယ်တတ်မှု – စာနာစိတ် – ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားနိုင်ပါသည်။

ဤသုံးပိုင်းတွင် ပါရှိသည့် အစိတ်အပိုင်းအလိုက် အဓိကအချက်များနှင့် ဆက်စပ်ပုံတို့ကိုလည်း ဆွေးနွေးနိုင်ပါသည်။

အဓိကသင်ကြားနည်းများ

ပူးပေါင်းဆောင်ရွက်ခြင်းအုပ်စုငယ်များ

ပူးပေါင်းဆောင်ရွက်မှုရှိရမည့် အုပ်စုငယ်လေးများ ဖွဲ့စည်းပေးပြီး တူညီသော ရည်မှန်းချက်များ ပြီးမြောက်စေရန်၊ အတူတကွလေ့လာသင်ယူနိုင်ရန်၊ လူမှုဆက်ဆံရေးဖြစ်ထွန်းစေရန်နှင့် ဆက်ဆံရေး စွမ်းရည်ရရှိစေရန် တို့အတွက် လုပ်ဆောင်သင့်သည်။ အုပ်စုအကြီး၊ အုပ်စုငယ်များဖြင့် ဆွေးနွေးရာဝယ် ဆရာမှ ဦးဆောင်ပြီး ကလေးဗဟိုပြုသင်ကြားနည်းကို အသုံးပြုခြင်းဖြင့် ပြဿနာများကို ဖြေရှင်းစေခြင်း၊ စိတ်ခံစားမှုများကို ထုတ်ဖော်ခြင်း၊ လေ့လာဆန်းစစ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကလေးအားလုံး ပါ၀င်လုပ်ဆောင်ခြင်း၊ ဆွေးနွေးခြင်းတို့ကို အားပေးပါ။ သင်ကြားနည်းအမျိုးမျိုးဖြင့် သင်ကြားပါ။

တွေး၊ တွဲ၊ မျှဝေ သင်နည်း

“တွေး၊ တွဲ၊ မျှဝေ” (Think, Pair, Share) သင်နည်းမှာ ပြန်လှန်တွေးတောစေခြင်း၊ ဆွေးနွေးခြင်းနှင့် သဘောတူညီမှု ရယူခြင်း တို့ပါရှိ သည်။

(၁) မေးခွန်းတစ်ခုခု၊ ပြဿနာတစ်ခုခုကို ကျောင်းသားများ တစ်ဦးချင်းအလိုက် ခေတ္တမျှ “တွေး” တော စဉ်းစားချိန်ပေးပါ.

(၂) ပြီးလျှင် ကျောင်းသူ ကျောင်းသားများကို ၂ ယောက်တစ်တွဲ “တွဲ” ပေးပါ။ မိမိ၏ စဉ်းစားချက်၊ အိုင်ဒီယာများကို ဆွေးနွေးကြပါစေ။ ၂ ဦး သဘောတူညီသော ရလဒ်တစ်ခုခုကို ရယူပါ။

(၃) နောက်ဆုံးတွင် အတွဲများအလိုက် တစ်တန်းလုံးနှင့် “မျှဝေ” ဆွေးနွေးတင်ပြကြသည်။

Source: သန်းနိုင်